ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နှင့်ဒလမြို့နယ် အတွင်းရှိဘုန်းတော်ကြီးကျောင်းများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများ ဆက်ကပ်လှူဒါန်း

ကိုဗစ်-၁၉ ကပ်ရောဂါကာလ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝါဆိုဝါကပ်တော်မူကြသော ရဟန်း၊ သံဃာတော်များ ဆွမ်းဆန်တော်အဆင်ပြေစေရန်အတွက် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၏အစီအစဉ်ဖြင့် သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်းသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၁၁ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်နှင့်ဒလမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများကို ဆက်ကပ်လှူဒါန်းသည်။
ထိုသို့လှူဒါန်းရာတွင် လှိုင်သာယာမြို့နယ် အောင်ဇေယျာမင်းကျောင်း၌ ဝါဆိုဝါကပ် တော်မူသော သံဃာ ၁၆၀ ပါးအတွက် ဆန် ၂၈ အိတ်၊ ဆီ ၇၀ ပိဿာ၊ ပဲ ၈ အိတ်နှင့် ဒလမြို့နယ်၊ ကမာကဆစ်အလယ်ကျောင်း၌ ဝါဆိုဝါကပ်တော်မူသော သံဃာ ၁၄၀ ပါးအတွက် ဆန် ၂၆ အိတ်၊ ဆီ ၇၀ ပိဿာနှင့် ပဲ ၈ အိတ်တို့ကို အသီးသီးဆက်ကပ်လှူဒါန်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၁၅)ကျောင်းတို့ကိုလည်း ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။