ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ အား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့်တာဝန်ရှိသူများ သွားရောက်ဖူးမြော်ကြည်ညို

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်းနှင့်တာဝန်ရှိသူများသည် ယနေ့ နေ့လယ်(၂)နာရီခွဲအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဆေးကုသဆောင် ၂၊ ပထမထပ်(၁၅/၁၆)VIP အခန်း၌ ဆေးကုသမှုခံယူ လျက်ရှိသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)(၇၄ နှစ်၊ ၅၄ ဝါ)ထံသို့ သွားရောက်ဖူးမြော် ကြည်ညို၍ ကျန်းမာရေးအခြေအနေများကို မေးမြန်းလျှောက်ထားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးထွန်းအုံသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုနှင့်ဇနီး ဒေါ်တင်တင်ညွန့်မိသားစုတို့မှ ဆရာတော်ကြီးအတွက် လှူဒါန်းသော အလှူတော် ငွေကျပ်(၃)သိန်း၊ သင်္ကန်း၊ ငှက်သိုက် အစရှိသော လှူဖွယ်ဝတ္တုပစ္စည်းများကို ပြည်ထောင်စုဝန်ကြီး ကိုယ်စား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။