အဝိဇဟိတ (၄)ဌာန

ခပ်သိမ်းသော သဗ္ဗညုဘုရားရှင်တို့ မစွန့်အပ်ပဲမြဲသောအရပ်ဌာနကို “ အဝိဇဟိတဌာန” ဟူ၍ ခေါ်ဆိုသည် ။ ထိုအဝိဇဟိတဌာနကား (၄)မျိုးရှိကုန်၏။ (၄)မျိုးတို့ကား-

(က) ခပ်သိမ်းသော ဘုရားရှင်တို့၏ မာရ်ငါးပါးကို အောင်မြင်ရာ“မဟာဗောဓိပင်အပရာဇိတ ပလ္လင်တော်” ပေါက်ရာဌာန (ယခုဂေါတမမြတ်စွာဘုရားရှင်အတွက် အပရာဇိတပလ္လင် ပေါက်ရာဌာန၌ပင် ခပ်သိမ်းသော ဘုရားရှင်တို့၏ အပရာဇိတ ပလ္လင်တော်များ ပေါက်လေသည်။ နေရာအပြောင်းအလဲမရှိဟု ဆိုလိုသည်။)
(ခ) ဣသိပတနမိဂဒါဝုန်တော၌ ဓမ္မစကြာတရားဦးကို ဟောတော်မူရာဌာန (ဘုရားရှင်တိုင်းပင် ယခုဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရားဟောတော်မူရာ ဣသိပတန မိဂဒါဝုန်တောနေရာမှာပင် ဓမ္မစကြာတရားဦးကို ဟောတော်မူကြသည်။ အခြားနေရာတစ်ပါး၌ မဟောကုန်ဟု ဆိုလိုသည်။)
(ဂ) အဘိဓမ္မာတရား ဟောကြား တော်မူပြီး၍ တာဝတိံသာ နတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်းတော် မူသောအခါ ယခုသင်္ကဿမြို့တံခါးဝ၌ ပဌမဆုံးလက်ျာခြေတော်ချရာ အရပ်လည်းတပါး (ထိုနေရာ၌ပင် ဘုရားရှင်တိုင်း အဘိဓမ္မာတရား ဟောကြားတော်မူ ပြီးနောက် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်း တော်မူကြသောအခါ ပထမဦးဆုံးလက်ျာ ခြေတော်ကို ချတော်မူမြဲဖြစ်သည်ဟု ဆိုလိုသည်။)
(ဃ) ဇေတဝန်ကျောင်းတိုက်၊ ဂန္ဓကုဋီကျောင်းတော်အတွင်း မြတ်စွာဘုရားရှင်၏ အသုံး အဆောင် ညောင်စောင်းတော် အခြေလေးခုတို့၏ တည်ဌာနလည်းတပါး။ (ဂေါတမမြတ်စွာဘုရားရှင်၏ အသုံးအဆောင် ညောင်စောင်းတော် အခြေလေးခုတို့၏ တည့်ရာဌာန၌ပင် ခပ်သိမ်းသော ဘုရားရှင်တို့၏ အသုံးအဆောင် ညောင်စောင်းတော် အခြေလေးခုတို့ တည်ကြကုန်၏ နေရာ အပြောင်းအလဲမရှိဟု ဆိုလိုသည်။)