မြို့နယ်အဆင့်မှ နိုင်ငံတော်အဆင့်ထိ ဝိနိစ္ဆယဆောင်ရွက်မှုများ

(က)

သံဃဝိနိစ္ဆယအဖွဲ့များသည် ဖွဲ့စည်းသည့်နေမှ (၁၅)ရက် အတွင်း ဝိနိစ္ဆယ ကိစ္စများကို စတင် ဆောင်ရွက်ရမည်။ စတင်ဆောင်ရွက်သည့်နေ့မှ ရက်ပေါင်း(၆၀)အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ရမည်။ မပြီးပြတ်ခဲ့သော် ခွင့်ပြုရက် မကုန်ဆုံးမီ အကျိုးအကြောင်း ဖော်ပြ၍ (၁)ကြိမ်လျှင် ရက်ပေါင်း(၆၀)ထက် မကျော်လွန်သော လိုအပ်သည့်ရက်များကို သက်ဆိုင်ရာ သံဃနာယကအဖွဲ့သို့ (၂)ကြိမ်ထက် မပိုစေဘဲ တင်ပြဆောင်ရွက်ရမည်။ ခွင့်ပြုရက်ထက် ကျော်လွန်သော သံဃဝိနိစ္ဆယအဖွဲ့၏ ဆောင်ရွက်ချက်အားလုံကို “တရားမဝင် အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်”ဟု မှတ်ယူရမည်။

(ခ)

မူလမှုခင်း၌ အစစ်မခံလိုပါဟု ငြင်းပယ်ခြင်း မပြုသော စောဒက စုဒိတကများနှင့် နှစ်ဖက်သက်သေများကို လုံးဝခေါ်ယူ စစ်ဆေးခြင်း မပြုဘဲ ဝိနိစ္ဆယ ဆုံးဖြတ်ချက် ချမှတ်ခြင်းမပြုရ၊ ပြုခဲ့လျှင် တွေ့ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်/ နိုင်ငံတော်သံဃ ဝိနိစ္ဆယအဖွဲ့က ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ခေါ်ယူ စစ်ဆေးရမည်။ မစစ်ဆေးဘဲ ဆုံးဖြတ်ခဲ့လျှင် သံဃဝိနိစ္ဆယအဖွဲ့ အဆင့်ဆင့်၏ ဆောင်ရွက်ချက် အားလုံးသည် တရားမဝင် ပျက်ပြယ်သည်ဟု မှတ်ယူရမည်။

(ဂ)

သံဃဝိနိစ္ဆယ ဆုံးဖြတ်ချက်ချ ပြီးနောက် မည်သည့်ဝိနိစ္ဆယ စီရင်ချက်ကိုမျှ ပယ်ဖျက်ခြင်း၊ နုတ်ပယ်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ အဓိပ္ပါယ်ဖွင့်ဆိုခြင်း မပြုရ။