ဖြစ်ပေါ်လာပုံ
၁။ |
ဗုဒ္ဓသာသနာတော်၏ အခြေအမြစ်ဖြစ်သော ပရိယတ္တိသာသနာတော်ကြီး ထွန်းကားရေးကို အဓိကထား၍ ပါဠိပထမပြန်စာမေးပွဲကို သာလွန်မင်းတရားကြီးလက်ထက် သက္ကရာဇ်(၁၀၀၀)ပြည့် နှစ်၊ ခရစ်နှစ် (၁၆၃၈)ခုနှစ်တွင်စတင်ကျင်းပခဲ့ပါသည်။ စာမေးပွဲပြန်ဆိုမေးမြန်းပုံမှာ ပါဠိကို နှုတ်တက် အာဂုံပြန်ဆိုစေခြင်း၊ အနက်ဓိပ္ပါယ်ကိုနှုတ်ဖြင့်မေး၍ နှုတ်ဖြင့်ဖြေဆိုစေခြင်း နှစ်မျိုးဖြစ်သည်။ ပါဠိ ပထမပြန်စာမေးပွဲကို ခေတ်အဆက်ဆက်ကျင်းပခဲ့ရာ သက္ကရာဇ်-၁၂၄၇-ခုနှစ်၊ သီပေါမင်း ပါတော်မူ ချိန်မှစ၍ (၁၀)နှစ် တိုင်တိုင် ပထမပြန်စာမေးပွဲ မကျင်းပနိုင်ဘဲ ရပ်ဆိုင်းခဲ့ရပါသည်။ |
၂။ |
သာသနာတော်အတွက် စိုးရိမ်ကြောင့်ကျတော်မူကြသော တောင်တော်သာသနာပိုင် ဆရာ တော်ကြီး၊ ပခန်းဆရာတော်ဘုရားကြီး၊ လှထွေဆရာတော်ဘုရားကြီးနှင့် လယ်ကိုင်းမြို့စား ကင်းဝန်မင်းကြီးတို့ကိုယ်တိုင် ပထမပြန်စာမေးပွဲများကို ပြန်လည်ကျင်းပသင့်ကြောင်း အင်္ဂလိပ် အစိုးရအား တိုက်တွန်းအကြံပေးခဲ့ရလေသည်။ ယင်းအကြံပေးချက်အရ အင်္ဂလိပ်အစိုးရက ၁၈၉၅-ခုနှစ် (၁၂၅၇-ခုနှစ်)နယုန်လမှစ၍ နှစ်စဉ် ပထမပြန်ကော်မတီတစ်ခု စီမံအုပ်ချုပ်၍ ပြန်လည်ကျင်းပ ခဲ့သည်။ |
၃။ |
ပါဠိပထမပြန်စာမေးပွဲကို ၁၃၄၆(၁၉၈၄)ခုနှစ်မှစ၍ အခြေပြုမူလတန်းကို တစ်တန်းတိုး၍ ကျင်းပခဲ့ပါသည်။ ၂၀၀၂ ခုနှစ်တွင် အခြေပြုမူလတန်းကို ဆက်လက်မကျင်းပတော့ဘဲ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းတို့ကိုသာ ကျင်းပပါသည်။ အခြေပြုမူလတန်းကို ပြန်လည်ကျင်းပပေး ပါရန် ၂၀၁၆-ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ ပညာရေးဗဟိုအဖွဲ့မှ မေတ္တာရပ်ခံလျှောက်ထားသဖြင့် ၁၄-၇-၂၀၁၆ ရက်နေ့တွင်ကျင်းပသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဧကာဒသမ အစည်းအဝေးက ၂၀၁၇-ခုနှစ်မှစ၍ အခြေပြုမူလတန်းကို ပြန်လည်ကျင်းပပါရန်၊ မေးခွန်းလွှာများ ကို ပါဠိပထမပြန်စာမေးပွဲ ပညာရေးဗဟိုအဖွဲ့မှ ထုတ်ပေးရန်၊ အဖြေလွှာများစစ်ဆေးခြင်း, အောင်စာရင်းထုတ်ပြန်ခြင်းများကို တိုင်းဒေသကြီး/ ပြည်နယ်သံဃနာယက အဖွဲ့များက တာဝန်ယူ ဆောင်ရွက်ရန်နှင့် အောင်စာရင်းအပြည့်အစုံကို ပါဠိပထမပြန်ပညာရေးဗဟိုအဖွဲ့သို့ ပြန်လည်တင်ပြ ရန်ဟု ဆုံးဖြတ်ခဲ့ပါသည်။ |
၄။ |
၁၉၉၉ ခုနှစ်တွင် ပထမပြန်စာမေးပွဲဝင်ပုဂ္ဂိုလ်များ တစ်နှစ်ထက်တစ်နှစ် များပြားလာသဖြင့် ပညာရေးဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ ကြီးမားကျယ်ပြန့်လာခြင်း၊ မေးခွန်းလုံခြုံအောင် ထိန်းသိမ်းရခြင်း၊ စာဖြေဌာနများသို့ မေးခွန်းအချိန်မှီရောက်အောင် ပေးပို့ရခြင်းစသော တာဝန်များ ကြီးလေးလာသဖြင့် လုပ်ငန်းတာဝန် လျော့ပါးသွားစေရန်လည်းကောင်း၊ ပြည်နယ်/တိုင်းအလိုက် ဒေသ ဆိုင်ရာ အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်လာသည့်အခါ ပြည်နယ်/တိုင်းအလိုက် စာမေးပွဲကျင်းပနိုင်ရေး အခက်အခဲမရှိ အလွယ်တကူဆောင်ရွက်စေနိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ ဂိုဏ်းပေါင်းစုံ ပြည်နယ်/တိုင်း ဉက္ကဋ္ဌဆရာတော်ကြီးများ၊ အကျိုးတော်ဆောင် ဆရာတော်များ၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်များ၊ စာသင်တိုက်ကြီးများမှ ပဓာန နာယက ဆရာတော်ကြီးများထံ သြဝါဒခံယူ၍ ဆရာဒကာတိုင်ပင်ညှိနှိုင်းပြီး ပြည်နယ်/တိုင်း အလိုက် အသီးသီးတာဝန်ယူကျင်းပခဲ့ပါသည်။ |
၅။ |
၂၀၁၃ ခုနှစ်မှစတင်၍ ဆဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌမအစည်း အဝေး၏ ဆုံးဖြတ်ချက်အရ စာမေးပွဲဖြေဆိုချိန်နှင့် မေးခွန်းပုစ္ဆာတူညီမှု တစ်ပြေးညီဖြစ်စေရန် အတွက် မြန်မာတစ်နိုင်ငံလုံးရှိ ခွင့်ပြုစာဖြေဌာန (၂၃၈)ဌာနအတွက် ပုစ္ဆာထုတ်ခြင်း၊ စာစစ်ခြင်း၊ အောင်စာရင်းထုတ်ပြန်ခြင်းတို့ကို ဗဟိုမှ ယနေ့အထိ ပြန်လည်ဆောင်ရွက်ခဲ့ပါသည်။ |
၆။ |
နှစ်စဉ် အခြေခံပညာအထက်တန်းစာမေးပွဲကျင်းပပြီး မတ်လနောက်ဆုံးပတ်မှ ဧပြီလဆန်း အထိ ပထမကြီးတန်း(၇)ဘာသာ (၇)ရက်၊ ပထမလတ်တန်း (၆)ဘာသာ (၆)ရက်၊ ပထမငယ်တန်း (၅)ဘာသာ (၅)ရက် မြန်မာတစ်နိုင်ငံလုံးရှိ ခွင့်ပြုစာဖြေဌာန(၂၃၉)ဌာနတွင် တစ်ပြိုင်တည်း ကျင်းပ ပါသည်။ ၂၀၁၇-ခုနှစ် မှစ၍ အခြေပြုမူလတန်းကို ၄ ဘာသာ ၄ရက်ဖြင့် ထည့်သွင်းကျင်းပပါမည်။ |
ဆက်ကပ်သည့် အောင်လက်မှတ်
တစ်နိုင်ငံလုံးမှ စာဖြေသံဃာများအနက် ပထမငယ်တန်း (ပထမ၊ ဒုတိယ၊ တတိယ)ကို လည်းကောင်း၊ ပထမလတ်တန်း (ပထမ၊ ဒုတိယ၊ တတိယ)ကိုလည်းကောင်း၊ ၁၂၆၀-ပြည့်နှစ် ကတည်းက ပထမကြီးတန်း အောင်မြင်သူများအနက် အမှတ်အများဆုံးရရှိပါက ပထမကျော် အောင် လက်မှတ်ကိုလည်းကောင်း၊ ပထမကြီး (ဒုတိယ၊ တတိယ)ကိုလည်းကောင်း၊ ရွေးချယ်ဆက်ကပ် ပါသည်။ တစ်ပြည်လုံးအောင်မြင်သူ သီလရှင်များအနက် အမှတ်အများဆုံး ပုဂ္ဂိုလ်အား အတန်းလိုက် ပထမကြီးတန်း သီလရှင်(ပထမ)၊ ပထမလတ်တန်း သီလရှင်(ပထမ)၊ ပထမငယ်တန်းသီလရှင် (ပထမ)အဖြစ် ရွေးချယ်ချီးမြှင့်ပါသည်။ အဆိုပါဆုရ စာဖြေပုဂ္ဂိုလ်များကို ဓမ္မာစရိယဘွဲ့ဆက်ကပ်သည့် မဟာဘွဲ့နှင်းအခမ်းအနားတွင် ဆုချီးမြှင့်ပြီး ရိုးရိုးအောင်စာဖြေပုဂ္ဂိုလ်တို့၏ အောင်လက်မှတ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် သာသနာရေးမှူးရုံးများမှတစ်ဆင့် ဆက်ကပ်ပါသည်။