တိပိဋကဓရရွေးချယ်ရေးစာမေးပွဲ

ဖြစ်ပေါ်လာပုံ

၁။

တိပိဋကဓရပုဂ္ဂိုလ်များ ပေါ်ပေါက်လာလျှင် ရရှိတွေ့ကြုံခဲလှသော ဒုလ္လဘအာဇာနည်ပုဂ္ဂိုလ် ဟု ခေါ်ဆို မှတ်ယူကြရတော့မည် အမှန်ပင်ဖြစ်၏။ ဤသို့ ကြုံခဲလှသော ဒုလ္လဘအာဇာနည်ထူးတို့ ယခုအခါ ပေါ်ပေါက်လာအောင် ဆောင်ရွက် အားထုတ်ရပါမူကား ထူးခြားလှသော ဒုလ္လဘကုသိုလ် ထူးတရားဖြစ်ပွားလိမ့်မည်ဟု ယုံကြည်စိတ်ကို အဖန်အဖန်နှလုံးသွင်းလေ့ရှိသော ရန်ကုန်မြို့ သူဌေး ကြီး ဆာဦးသွင်သည် သက္ကရာဇ် ၁၃၀၄-ခုနှစ်မှစ၍ တိပိဋကသုံးပုံ စာပြန်ပွဲ ကျင်းပရန် ကြံစည်ခဲ့သော် လည်း အထမမြောက် ဖြစ်ခဲ့သည်။

၂။

မြန်မာနိုင်ငံတွင် သာသနာတော် ၂၅၀၀ ပြည့်နှစ်အမီ ဆဋ္ဌသင်္ဂါယနာတင်ပွဲ ကြီးကျင်းပ၍ သာသနာပြု လုပ်ငန်းကြီး အောင်မြင်စွာ ဆောင်ရွက်ရန် သူဋ္ဌေးကြီးဆာဦးသွင် ဦးဆောင်သော ဗုဒ္ဓ သာသနနုဂ္ဂဟအဖွဲ့ကြီးက နိုင်ငံတော်သို့တင်ပြခဲ့ရာ ဆဋ္ဌသင်္ဂါယနာတင်ရေးအတွက် နိုင်ငံတော်မှ အခြားထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံများနှင့် ညှိနှိုင်းခဲ့ပါသည်။ ထေရဝါဒ (၅)နိုင်ငံမှ ဆဋ္ဌ သင်္ဂါယနာတင် ရန် မြန်မာနိုင်ငံတွင် ပိဋကတ်သုံးပုံဆောင်ပုဂ္ဂိုလ် ရှိပါသလားဟု မေးမြန်းခဲ့သဖြင့် ဗုဒ္ဓသာသန နုဂ္ဂဟအဖွဲ့ကြီးသည်  ပိဋကတ်သုံးပုံဆောင်  သာသနာ့ အာဇာနည်ပုဂ္ဂိုလ်များ   ပေါ်ထွန်းရေး ဘက်သို့  ဦးတည်ကာ    တိပိဋကဓရ ရွေးချယ်ရေး အဖွဲ့ကြီးကို ဖွဲ့စည်း၍ ဆောင်ရွက်ခဲ့သဖြင့် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးကို မြန်မာသက္ကရာဇ် ၁၃၁၀(၁၉၄၈)ခုနှစ်တွင် စတင် ပေါ်ပေါက်လာခဲ့ပါသည်။

ဖြေဆိုမည့်သူ၏ အရည်အချင်းသတ်မှတ်ချက်

            တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ ရရှိရန်အတွက် အာဂုံပြန်ဖြေဆိုခြင်း (၅)ဆင့်နှင့် သဘော ရေးဖြေ (၅)ဆင့်၊ စုစုပေါင်း(၁၀)ဆင့်ကို အောင်မြင်စွာ ဖြေဆိုရပါသည်။ စာဖြေပုဂ္ဂိုလ်သည် ရဟန်း တော်များနှင့် သာမဏေများသာဖြစ်ရပြီး ပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်းကိုဖြစ်စေ၊ ဝိနယ ဝိဒူတန်းကိုဖြစ်စေ၊ သာမဏေကျော် တတိယဆင့်ကိုဖြစ်စေ၊ စေတိယင်္ဂဏနှင့် သကျသီဟစာမေးပွဲ စာသင်တန်းကိုဖြစ်စေ တစ်ခုခုကို အောင်မြင်ပြီးသူ ဖြစ်ရပါသည်။

ဆက်ကပ်သည့် ဘွဲ့တံဆိပ်များ

                 စာမေးပွဲကို နှစ်စဉ် ဒီဇင်ဘာလ နောက်ဆုံးပါတ်မှ ဇန်နဝါရီလ တတိယပါတ်အထိ အာဂုံပြန်နှင့် သဘော ရေးဖြေ ဖြေဆိုခြင်းတို့ကို အောင်စာရင်းထုတ်ပြန်သည်အထိ (၃၃)ရက်ကြာ ကျင်းပပါသည်။ အောင်မြင်သော စာဖြေသံဃာများကို နှစ်စဉ် မေလ၏ဒုတိယပတ်မှာ စာအောင်သံဃာများကို ချီးကျူး ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ကျင်းပလျက် ရှိပါသည်။ ယနေ့အထိ တိပိဋကဓရ တိပိဋက ကောဝိဒဘွဲ့ရ ဆရာတော် (၁၃)ပါးနှင့် တိပိဋကဓရဆရာတော် (၈)ပါး ပေါ်ထွန်းထားပါသည်။ သက်ရှိထင်ရှား တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ရ ဆရာတော်(၉)ပါး ရှိပါသည်။ တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ရရှိပြီး အနည်းဆုံး(၅)နှစ်ရှိလျှင် နိုင်ငံတော်မှ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပါသည်။  အောင်မြင်သော ပိဋကတစ်ပုံချင်းစီ၏ ရရှိသော အဆောင်အယောင်များမှာ-

(က)   အာဂုံပြန်ဆို
(၁) ပိဋကတစ်ပုံ အောင်မြင်ပါက အရိုးနီကနက္ကဒဏ်ထီးဖြူတော်တစ်လက်၊
(၂) ပိဋကနှစ်ပုံ အောင်မြင်ပါက အရိုးနီကနက္ကဒဏ်ထီးဖြူတော်နှစ်လက်၊
(၃) ပိဋကသုံးပုံ အောင်မြင်ပါက အရိုးနီကနက္ကဒဏ်ထီးဖြူတော်သုံးလက်၊

အဆိုပါတံဆိပ်များပါရှိသော သာသနာ့အောင်လံတော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်ပါသည်။

(ခ) သဘောရေးဖြေ
(၁) ပိဋကတစ်ပုံ အောင်မြင်ပါက အရိုးဝါကနက္ကဒဏ်ထီးဖြူတော်တစ်လက်၊
(၂) ပိဋကနှစ်ပုံ အောင်မြင်ပါက အရိုးဝါကနက္ကဒဏ်ထီးဖြူတော်နှစ်လက်၊
အဆိုပါတံဆိပ်များပါရှိသော သာသနာ့အောင်လံတော်၊ အောင်လက်မှတ်၊ ကုန်း,ရေ (အထက်တန်း) အခမဲ့ ခရီးသွားလက်မှတ်နှင့် လစဉ်ဆွမ်းဆန်တော် နဝကမ္မဝတ္ထုငွေ တို့ကို နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းပါသည်။
(၃) ပိဋကသုံးပုံ အောင်မြင်ပါက အရိုးဝါကနက္ကဒဏ်ထီးဖြူတော်သုံးလက်၊

အဆိုပါတံဆိပ်ပါရှိသော သာသနာ့အောင်လံတော်၊ တိပိဋကဓရ တိပိဋကကောဝိဒ အောင်လက်မှတ်၊ ကုန်း,ရေ,လေ (အထက်တန်း) အခမဲ့ ခရီးသွားလက်မှတ်နှင့် လစဉ် ဆွမ်းဆန်တော် နဝကမ္မဝတ္တုငွေတို့ကို နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းပါသည်။

မှတ်တမ်းဓာတ်ပုံများ