ထေရဝါဒဗုဒ္ဓသာသနာ

     ဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံပြီးဖြစ်၍ ပညတ်တော်မူသည့် ဝိနည်းသိက္ခာပုဒ်များကို လိုက်နာ ကျင့်သုံးရန်မလိုဟု တောထွက်ရဟန်းကြီး သုဘဒ်၏ ပြောကြားချက်ကို အရှင်မဟာကဿပမထေရ် သည် သံဝေဂယူတော်မူပြီး ပထမသင်္ဂါယနာတင်ရန် ဖော်ပြလတ္တံ့ပါအတိုင်း နှိုးဆော် မိန့်မြွက်တော်မူ ခဲ့ပါသည်။

ဟန္ဒ မယံ အာဝုသော ဓမ္မဉ္စ ဝိနယဉ္စ သင်္ဂါယိဿာမ၊ ပုရေ အဓမ္မော ဒိဗ္ဗတိ၊

ဓမ္မော ပဋိဗာဟိယျတိ၊ ပုရေ အဝိနယော ဒိဗ္ဗတိ, ဝိနယော ပဋိဗာဟိယျတိ၊

ပုရေ အဓမ္မဝါဒိနော ဗလဝန္တော ဟောန္တိ, ဝိနယ ဝါဒိနော ဒုဗ္ဗလာ ဟောန္တိ။

(ဝိ၊ ၄။ ၄၈၁။ ဝိ။ ဋ္ဌ၊ ၁။ ၆၊ )

“ငါ့ရှင်တို့….

မတရား အဓမ္မဝါဒ မထွန်းပမီ၊

တရားဓမ္မ တားမြစ်ပိတ်ပင်ခြင်း မခံရမီ၊

မဟုတ်မမှန်သော ဝိနည်းစည်းကမ်း မထွန်းပမီ၊

ဟုတ်မှန်သော ဝိနည်းတရား တားမြစ်ပိတ်ပင်ခြင်း မခံရမီ၊

အဓမ္မဝါဒီပုဂ္ဂိုလ် အင်အား မကောင်းမီ၊

ဓမ္မဝါဒီပုဂ္ဂိုလ်များ အင်အား မနည်းမီ၊

ဝိနည်းမလေးစား မလိုက်နာသူများ အင်အားမကောင်းမီ၊

ဝိနည်းလေးစား လိုက်နာသူများ အင်အားမနည်းမီ၊

ဓမ္မ,ဝိနယကို ယခု ငါတို့ သင်္ဂါယနာ တင်ကြပါကုန်စို့။ ”

ဟူသော အရှင်မဟာကဿပမထေရ်မြတ်ကြီး၏ ဩဝါဒနှင့်အညီ ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြ ပါသည်။

သင်္ဂါယနာတင်တော်မူကြရာ၌လည်း

“သံဃော အပညတ္တံ နပ္ပညေပေတိ၊ ပညတ္တံ န သမုစ္ဆိန္ဒတိ၊ ယထာ ပညတ္တေသု သိက္ခာပဒေသု သမာဒါယဝတ္တတိ။”(ဝိ၊၄။၄၈၅)

  “သံဃာတော်သည် ဘုရားရှင်မပညတ်သေးသည်ကို မပညတ်၊ ဘုရားရှင်ပညတ်ခဲ့ပြီးသော သိက္ခာပုဒ်တော်များကို မပယ်ဖျက်၊ ဘုရားရှင်ပညတ်ပြီးတော်မူသည့်အတိုင်းသာ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်ရာ၏” ဟုအရှင်မဟာကဿပ မထေရ်က မူချမှတ်တော်မူသည့်အတိုင်း ပထမသင်္ဂါယနာတင်တော်မူကြပါသည်။

     ထိုသို့ မြတ်စွာဘုရားရှင်၏ ဓမ္မ,ဝိနယတို့ကို အရှင်မဟာကဿပ၏ သြဝါဒအတိုင်း သင်္ဂါယနာ (စုပေါင်းရွတ်ဆို) အတည်ပြုမှတ်တမ်းတင်ခဲ့သော ပထမသင်္ဂါယနာမှ ဆဋ္ဌသင်္ဂါယနာ အထိ သင်္ဂါယနာ ခြောက်တန်တင်ထားသော ပါဠိအဋ္ဌကထာ ဋီကာအစရှိသော ပိဋကတော်ကို “ထေရဝါဒ ဗုဒ္ဓသာသနာ”ဟု ခေါ်ဆိုပါသည်။