သံဝေဇနိယ(၄) ဌာန

သဒ္ဓါတရားနှင့်ပြည့်စုံပြီး ဖူးမြှော်ထိုက်သော သူကောင်းတို့အား သံဝေဂရစေမည့် ဌာန (၄)ပါးရှိကုန်၏။ ထို(၄)ပါးတို့ကား-

(က) မြတ်စွာဘုရားအလောင်းတော် ဖွားမြင်တော်မူရာ ဖြစ်သော လုမ္ဗိနီသာမော အင်ကြင်းတော ဌာန။
(ခ) မြတ်စွာဘုရား သမ္မာသမ္ဗောဓိဉာဏ်ကို ရစေတော်မူရာ ဖြစ်သော မဟာဗောဓိမဏ္ဍိုင် ဌာန။
(ဂ) မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူရာ ဌာနဖြစ်သော မိဂဒါဝုန်ဌာန။
(ဃ) မြတ်စွာဘုရားသည် ခန္ဓာအကြွင်းမရှိသော ငြိမ်းချင်းသဘော အနုပါဒိသေသနိဗ္ဗာန ဓာတ်ဖြင့် ပရိနိဗ္ဗာန်စံဝင်ရာဖြစ်သော ကုသိနာရုံဌာန။

ထိုသံဝေဇနိယ (၄)ဌာနဟုခေါ်ဆိုသော သံဝေရစေမည့် ဌာန (၄)ပါးတို့ကို သဒ္ဓါတရားနှင့် ပြည့်စုံသောသူတော်ကောင်းတို့သည်-

(က) ဤလုမ္ဗိနီဌာန၌ မြတ်စွာဘုရားဖွားမြင်တော်မူ၏ဟူ၍၎င်း။
(ခ) ဤမဟာဗောဓိဌာန၌ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိ ဉာဏ်ကို ရတော်မူ၏ဟူ၍ ၎င်း။
(ဂ) ဤမိဂဒါဝုန်ဌာန၌ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော တရားတော် ဓမ္မစက်ကို ဟောမြွက်စေတော်မူ၏ဟူ၍၎င်း။
(ဃ) ဤကုသိနာရုံ ဌာန၌ မြတ်စွာဘုရားသည် ခန္ဓာကြွင်း မရှိသော ငြိမ်းခြင်း သဘော အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ဝင်စံတော်မူ၏ ဟူ၍၎င်း ကြံစည်အောက်မေ့ ကြလျက် ဖူးမြှော်ကုန်သော သူတို့သည် ကြည်ညိုသော စိတ်ရှိလျက် စုတိပြတ်ကြွေ သေသည်မှ နောက်ကာလ၌ ကောင်းသောလားရာ နတ်ရွာသုဂတိသို့ ရောက်ရှိလိမ့်မည် ဟု မြတ်စွာဘုရားရှင် မိန့်တော်မူခဲ့ပါသည်။