ဓမ္မာစရိယစာမေးပွဲများ

ဖြစ်ပေါ်လာပုံ

မြန်မာသက္ကရာဇ် ၁၂၉၉-ခုနှစ်တွင် ပါဠိပထမပြန် စာမေးပွဲအပြင် ဓမ္မစရိယစာမေးပွဲကို စတင် ကျင်းပခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၁၃၀၄(၁၉၄၂)ခုနှစ်မှစ၍ ၁၃၀၇(၁၉၄၅)ထိ တိုင် အောင် (၄)နှစ်တိတိ စာမေးပွဲများကို ကျင်းပနိုင်ခြင်း မရှိခဲ့ပါ။ ၁၉၄၈-ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ ပြီးနောက် ပရိယတ္တိပညာရေးပိုင်းအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် သာသနာရေး အထူးအရာရှိထား၍ ယင်းရုံးအဖွဲ့မှ တာဝန်ယူပြီး ပထမပြန်နှင့်ဓမ္မာစရိယစာမေးပွဲကို ကျင်းပခဲ့ သည်။  (၁၃၁၂)၁၉၅၀-ပြည့်နှစ်တွင် ပါဠိတက္ကသိုလ်နှင့် ဓမ္မာစရိယ အက်ဥပဒေကို ပြဌာန်း၍  ယင်း အက်ဥပဒေအရ ပါဠိတက္ကသိုလ်များ တည်ထောင်ကာ ပါဠိတက္ကသိုလ်ဝင်ကျောင်းများမှ ဆရာတော် သံဃာတော်များပါဝင်သော ပါဠိတက္ကသိုလ်ဗဟိုအဖွဲ့ ဖွဲ့စည်း၍ ဓမ္မာစရိယစာမေးပွဲကို စီမံအုပ်ချုပ် လျက် ပထမပြန်စာမေးပွဲနှင့်အတူ မကျင်းပတော့ဘဲ တသီးတခြားခွဲ၍ ဓမ္မာစရိယစာချတန်းကို စတင်ကျင်းပခဲ့သည်။

ဖြေဆိုမည့်သူ၏ အရည်အချင်းသတ်မှတ်ချက်

၁။ ဓမ္မာစရိယစာမေးပွဲ ဖြေဆိုသူ၏ အရည်အချင်းသတ်မှတ်ချက်များမှာ-

(က)     ရဟန်း၊ သာမဏေ၊ သီလရှင်၊ လူဝတ်ကြောင်မည်သူမဆို ဝင်ခွင့်ရှိသည်။

(ခ )      ပထမကြီးတန်းအောင်မြင်မှသာ ဓမ္မာစရိယဖြေဆိုခွင့်ရှိသည်။

(ဂ )      မူလအောင်ခဲ့သော ဘွဲ့တော်ဖြင့်သာ အထက်စာမေးပွဲကို ဖြေဆိုရမည်။

(ဃ)     မိမိဝါဆိုသောမြို့နယ်ရှိ စာဖြေဌာန၌ ဖြေဆိုခွင့်ရှိသည်။

(င )      တစ်ကျောင်းတစ်ဌာနထက်ပို၍ ဝင်ခွင့်တောင်းခံခြင်း မပြုရ။

၂။

ဓမ္မာစရိယစာမေးပွဲတွင် ရိုးရိုးတန်း၊ မြန်မာဂုဏ်ထူးတန်းနှင့် ပါဠိဂုဏ်ထူးတန်း ဟူ၍ သုံးမျိုး ရှိပါသည်။ ဓမ္မာစရိယစာမေးပွဲကို နှစ်စဉ် မတ်လ၏ နောက်ဆုံးပတ် တွင် ပြည်နယ် /တိုင်းဒေသကြီးရှိ ခွင့်ပြုပြီးစာဖြေဌာန (၅၁)ဌာန၌  တစ်ပြိုင်နက်ကျင်းပပါသည်။ ရိုးရိုးတန်း ကျမ်းရင်းသုံးကျမ်းကို (၆)ရက်၊ မြန်မာဂုဏ်ထူး ကို (၁)ရက်နှင့် ပါဠိဂုဏ်ထူးကို (၂)ရက်၊ စုစုပေါင်း (၉)ရက် ကျင်းပပါသည်။

ဆက်ကပ်သည့် ဘွဲ့တံဆိပ်

ဓမ္မာစရိယရိုးရိုးတန်း ကျမ်းရင်းသုံးကျမ်းအောင်မြင်ပြီး အမှတ်အများဆုံးပုဂ္ဂိုလ်အား ဓမ္မာ စရိယ(ပထမ)(အဂ္ဂမဟာအကျော်)၊ ဓမ္မာစရိယ(ဒုတိယ)၊ ဓမ္မာစရိယ(တတိယ)ဟု ဆက်ကပ်ပါ သည်။ တစ်ပြည်လုံးဓမ္မာစရိယကျမ်းရင်းသုံးကျမ်းအောင်သော သီလရှင်များအနက် အမှတ်အများဆုံး ပုဂ္ဂိုလ်အား သီလရှင်(ပထမ) အဖြစ် ဆက်ကပ်ပါသည်။ ဘွဲ့တံဆိပ် အောင်လက်မှတ် ဆက်ကပ်ပွဲကို နှစ်စဉ် ဖေဖေါ်ဝါရီလဒုတိယပတ်တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် တစ်လှည့်စီ ကျင်းပပြုလုပ်ပါ သည်။ ဆက်ကပ်သော စာအောင်ဘွဲ့များမှာ-

(က) ရိုးရိုးတန်း ကျမ်းရင်းသုံးကျမ်းအောင်မြင်ပါက သာသနဓဇဓမ္မာစရိယဘွဲ့ ဆက်ကပ် ပါသည်။
(ခ) ကျမ်းရင်း သုံးကျမ်းနှင့် မြန်မာဂုဏ်ထူး တစ်ကျမ်းကျမ်း အောင်မြင်ပါက သာသနဓဇ သိရီပဝရဓမ္မာစရိယဘွဲ့ ဆက်ကပ်ပါသည်။
(ဂ) ကျမ်းရင်းသုံးကျမ်း နှင့် ပါဠိဂုဏ်ထူး အောင်မြင်ပါက အောင်မြင်သည့် ကျမ်းအလိုက် သာသနဓဇဓမ္မာစရိယ ဝိနယပါဠိပါရဂူ ၊ သာသနဓဇဓမ္မာစရိယ ဒီဃနိကာယပါဠိ ပါရဂူ၊ သာသနဓဇဓမ္မာစရိယ အဘိဓမ္မပါဠိပါရဂူဘွဲ့ တို့ကို ဆက်ကပ်ပါသည်။

မှတ်တမ်းဓာတ်ပုံများ
Untitled