နိကာယ်စာမေးပွဲများ

ဖြစ်ပေါ်လာပုံ

၁။

ပိဋကတ်နိကာယ်ကျမ်းကြီးများ မပျောက်ပျက်ရအောင် ရှေးဆရာတော်ကြီးများမှ ကြိုးစား ဆောင်ရွက်ခဲ့ရာ မင်းတုန်းမင်းတရားကြီးသည် ပရိယတ္တိသာသနာတော်ကြီး အရှည်တည်တံ့ပြန့်ပွား အောင် ဘွဲ့တံဆိပ်ရ ဆရာတော်ကြီးများအား လျှောက်ထား၍ စာမေးပွဲများ ကျင်းပခြင်း၊ ပိဋကတ်တော်များ ကျောက်ထက်အက္ခရာတင်၍ ပဉ္စမသင်္ဂါယနာတင်ခြင်းအားဖြင့် ဘုရားသာသနာ တော်ကို ချီးမြှောက်ခဲ့ပါသည်။ မြန်မာဘုရင်များ မရှိသည့်နောက်တွင်လည်း သာသနာ့ဦးသျှောင် ဆရာတော်ကြီးများသည် မြန်မာနိုင်ငံ အရပ်ရပ်ရှိ ရဟန်းသံဃာတော်များအား နိကာယ်ငါးရပ် ပိဋကတ်ပါဠိတော်ကြီးများ နှံ့စပ်ကျွမ်းကျင်အောင် ကျမ်းရိုးပေါက် ပို့ချသင်ကြားပေးတော်မူကြပြီး ပရိယတ္တိသာသနာတော်ကြီး စည်ပင်ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ကြသည်။

၂။

လွတ်လပ်ရေးခေတ်တွင် သာသနာ့ဦးသျှောင် ဆရာတော်များနှင့် နိုင်ငံအကြီးအကဲများ ဆရာဒကာလက်တွဲပြီး နိကာယ်ငါးရပ် ပိဋကတ်ပါဠိတော်ကြီးများ စင်ကြယ်သန့်ရှင်းအောင် သုတ်သင် တည်းဖြတ်၍ ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူတော် ကြီး၌ ဆဋ္ဌသင်္ဂါယနာတင်ခြင်းဖြင့် သာနာတော်ကြီးကို ချီးမြှောက်တော်မူခဲ့ကြသည်။ သာလွန်မင်း တရားကြီးလက်ထက်ကစခဲ့သော ပါဠိပထမပြန်စာမေးပွဲသည် အခြေခံဖြစ်သော ဝိနည်း၊ အဘိဓမ္မာ၊ သဒ္ဒါမျှလောက်သာ ပြဋ္ဌာန်းသင်ကြားပေးခဲ့သဖြင့် နိကာယ်ကျမ်းကြီးများ ပေါက်ရောက်မူ မရှိချေ။

၃။

နိကာယ်များပေါက်ပေါက်ရောက်ရောက် တတ်မြောက်မှုရျိစေရန် ဓမ္မာစရိယတန်းစာမေးပွဲကို တီတွင်ပြဋ္ဌာန်းပြီး ၁၃၀၂-ခုနှစ် (၁၉၄၀-ပြည့်နှစ်)တွင် စတင်ကျင်းပပေးခဲ့သည်။ ယင်းစာချတန်း စာမေးပွဲတွင်လည်း ပါရာဇိကဏ်။ သီလက္ခန်၊ ဓမ္မသင်္ဂဏီပါဠိတော်(၃)ကျမ်းနှင့် ယင်းကျမ်းများ၏ အဋ္ဌကထာများကို ကျမ်းရင်း(၃)ကျမ်းအဖြစ် ပြဋ္ဌာန်းပေးခဲ့သည့်အပြင် ကျန်သောပါဠိတော် အဋ္ဌကထာကျမ်းများကို ဂုဏ်ထူး(၇)ကျမ်းအဖြစ်ဖြင့် နိကာယ်(၅)ရပ် နှံ့စပ်အောင် ပြဋ္ဌာန်းပေးခဲ့ သည်။ သို့ရာတွင် စာသင်သားများသည် ကျမ်းရင်းသုံးကျမ်းမျှကိုသာ သင်ယူကြိုးပမ်းခဲ့ကြ၍ ဂုဏ်ထူးကျမ်းများကို သင်ယူကြိုးပမ်းသူ မရှိသလောက် နည်းပါးလှသည်။

၄။

ဓမ္မာစရိယစာချတန်း ကျမ်းရင်း(၃)ကျမ်း အောင်မြင်ပြီးသောပုဂ္ဂိုလ်သည် ပါဠိအဋ္ဌကထာ ဋီကာကျမ်းများကို ကြည့်တတ်ရှုတတ် အနက်အဓိပ္ပါယ် နားလည်နိုင်စွမ်း ရှိပြီဖြစ်၍ နိကာယ်ကျမ်း ကြီးများကို နှံ့စပ်အောင် လေ့လာကြည့်ရှု့ရန်ဖြစ်သည်။ သို့ရာတွင် သဒ္ဓါဓာတ်အား ဝီရိယစွမ်းအား နည်းပါးဆုတ်ယုတ်ချိန်ဖြစ်၍ နိကာယ်ကျမ်းများကို ကြည့်ရှု့လေ့လာသူ မရှိသလောက် နည်းပါးလှ သဖြင့် နိကာယ်ကျမ်းများသည် ကျမ်းအိပ်ကြီးများအဖြစ်သို့ ရောက်ရှိလာခဲ့ကြသည်။ စာတိုက်၊ ဘီရို ထဲ၌ အလှပြထားသည့် အခြေအနေသို့ ရောက်ရှိလာခဲ့ကြသည်။ နိကာယ်ကျမ်းကြီးများတွင် ဖော်ပြ ထားသည့် တရားတော်မြတ်၏ အနှစ်သာရများကို မသိရှိကြသဖြင့် သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ် စသည့်တို့ ထပ်ဆင့်အားနည်းလာပြန်ကာ ပဋိပတ္တိအကျင့်တရား၌ ဆုတ်ယုတ်မှုများ ဖြစ်ပေါ်လာခဲ့သည်။

၅။

ထို့ကြောင့် သာသနာ့ဦးသျှောင် ဆရာတော်များသည် တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲကို တီထွင်ပြဋ္ဌာန်း၍ ၁၃၁၀-ပြည့်နှစ် (၁၉၄၉-ခုနှစ်)တွင် စတင်ကျင်းပခဲ့သည်။ ယင်းစာမေးပွဲကြီးမှာ လည်း အာဂုံဆောင် အဓိကဖြစ်သဖြင့် ဉာဏ်ပညာစွမ်းပကား ကြီးမားထက်မြက်သော ရဟန်း သာမဏေများသာ ဝင်ရောက်ဖြေဆိုနိုင်စွမ်း ရှိကြသည်။ ရဟန်းရှင်လူအများစု ဝင်ရောက်မဖြေဆိုနိုင် ဘဲ ရှိပြန်သည်။

၆။

ထိုသို့သော အခြေအနေများကို လေ့လာသုံးသပ်မိတော်မူကြသော နိုင်ငံတော်သံဃမဟာနာ ယကဆရာတော်ကြီးများသည် ရဟန်းသာမဏေများနှင့်တကွ လူပုဂ္ဂိုလ်များပါ မြတ်စွာဘုရားရှင် ဟောကြားတော်မူသော တရားတော်များ၏ အနှစ်သာရကို ကျယ်ကျယ်ပြန့်ပြန့် နှံနှံစပ်စပ် သိရှိနား လည် ကျင့်သုံးနိုင်ကြစေရန် ရည်ညွန်းချက်ဖြင့် တတိယအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇-ပါးစုံညီ စတုတ္ထအစည်းအဝေး၌ ညှိနှိုင်းတိုင်ပင် ဆွေးနွေးတော်မူကြသောအခါ “ရဟန်း သာမဏေများသာမက လူပုဂ္ဂိုလ်များပါ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော တရားတော် များကို လေ့လာခွင့် ရရှိနိုင်စေရန်အတွက် ရေးဖြေသက်သက်သာဖြစ်သော နိကာယ်ငါးရပ် ပိဋကတ် ပါဠိတော် စာမေးပွဲကြီးတစ်ခု ကျင်းပသင့်ကြောင်း” သဘောတူညီတော်မူခဲ့ကြပါသည်။ နိကာယ် စာမေးပွဲကို ၁၉၉၂-ခုနှစ်မှစတင် ကျင်းပခဲ့ရာ ၂၀၀၀ ပြည့်နှစ်မှစ၍ မဟာဝိဒူတန်းကို တိုးမြှင့်ကျင်းပ နိုင်ခဲ့သည်။