သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်း များနှင့် သီလရှင်ကျောင်းများအား ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများ ဆက်ကပ်လှူဒါန်း

၂၅-၈-၂၀၂၁ ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ ရန်အောင်မင်း ကျောင်း ပရိယတ္တိစာသင်တိုက်၊ သာသနာ့ဗိမာန်၌ ရမည်းသင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း များနှင့် သီလရှင်ကျောင်းများအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲလှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ ယင်းအခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ရမည်းသင်းမြို့နယ်၊ နဘူးကျင်းရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တအာဒိစ္စဝံသ အမှူးပြုသော ဆရာတော်ကြီး ၃ ပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ကြည်ညိုပါသည်။
ဆွမ်းဆန်တော်၊ ဆီနှင့် ပဲဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ နိုင်ငံတော်ဩဝါဒါစရိယ ရမည်းသင်းမြို့နယ်၊ နဘူးကျင်း ရွာဦးကျောင်း ဆရာတော် ဘဒ္ဒန္တအာဒိစ္စဝံသ ဆရာတော်ကြီးထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကိုကို အမှူးပြုသော ဌာနဆိုင်ရာ အကြီးအကဲများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ရတနသုတ်၊ မေတ္တာသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ် တရားတော်များ နာယူကြည်ညိုတော်မူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် အခမ်းအနားသို့ ကြွရောက်ချီးမြောက်တော်မူကြပါသော ပရိယတ္တိဝန်ဆောင် ဆရာတော်ကြီးများအား ကျန်းကျန်းမာမာဖြင့် ဖူးမြော်ကြည်ညိုခွင့်ရရှိသဖြင့် ကုသိုလ်မင်္ဂလာတရားများ တိုးပွားရပါကြောင်း၊ ဘုရားတပည့်တော်တို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ဆရာတော် သံဃာတော်များ ဆွမ်း၊ ကွမ်းကိစ္စများ ကြောင့်ကြမှုမရှိစေရန်အလိုငှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက နေပြည်တော်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များသို့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလများ အတွင်း ဘုန်းတော်ကြီးကျောင်းပေါင်း ၂၃၆ ကျောင်းနှင့် သီလရှင် ၁၈ ကျောင်းတို့အတွက် ဆွမ်းဆန်တော် အိတ် ၁၀၂၇ အိတ်ကို လှူဒါန်းပြီးဖြစ်ပါကြောင်းနှင့် ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေး မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအတွက် ဆွမ်းဆန်တော် ၂၁၈ အိတ်၊ ဆီ ၆၅၅ ပိဿာ၊ ပဲ ၈၇ အိတ်တို့ကို လှူဒါန်းခဲ့ကြောင်း၊ တပည့်တော်တို့ အစိုးရအနေဖြင့် ၈-၂-၂၀၂၁ ရက်နေ့မှစ၍ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ဘုရားစေတီပုထိုးများအား ရဟန်း၊ ရှင်၊ လူ ပြည်သူများ ဖူးမြော်ကြည်ညိုခွင့်ရရှိနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပါကြောင်း၊ ပရိယတ္တိစာမေးပွဲများဖြစ်သည့် တိပိဋကဓရ၊ တိပိဋကကောဝိဒ သဘောရေးဖြေစာမေးပွဲ၊ ပထမပြန်၊ ဓမ္မာစရိယစာမေးပွဲ၊ နိကာယ်စာမေးပွဲ၊ သာမဏေကျော်စာမေးပွဲများကိုလည်း အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပါကြောင်း၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် လှူဒါန်းပွဲအခမ်းအနား၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား၊ တိပိဋကဓရ၊ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲ အခမ်းအနား၊ မဟာဘွဲ့နှင်းသဘင်အခမ်းအနားများကို အောင်မြင်စွာကျင်းပနိုင်ခဲ့ ပါကြောင်းနှင့် ဘုရားတပည့်တော်တို့ အစိုးရအနေဖြင့် ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်အဓွန့်ရှည် တည်တံ့စေရေးအတွက် ဆရာ/ ဒကာလက်တွဲညီစွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လျှောက်ထားပါသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ရန်အောင်မင်းကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနန္ဒောဘာသ ဆရာတော်ကြီးထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အနုမောဒနာ တရားနာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းနေ့ ၁၀ ၀၀ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့၊ ရာပြည့်ခန်းမ၌ ပျော်ဘွယ် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်းဆန်တော်၊ ဆီနှင့် ပဲ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ပြည်တော်အေးကျောင်းပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ပညာသာရ ဆရာတော်ကြီးထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို အမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ရတနသုတ်၊ မေတ္တာသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ် တရားတော်များ နာယူကြည်ညိုတော် မူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကာလအတွင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနအနေဖြင့် သာသနာရေးဆိုင်ရာဆောင်ရွက်ချက်များနှင့် ဆွမ်းဆန်တော် ဆက်ကပ် လှူဒါန်းခဲ့မှုအခြေအနေများကို လျှောက်ထားခဲ့ပါသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ရန်အောင်တောရကျောင်းဆရာတော် ဘဒ္ဒန္တဝိလာသ ဆရာတော်ကြီးထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အနုမောဒနာတရားနာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်း ပွဲတွင် ရမည်းသင်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၄၄ ကျောင်းတွင် သီတင်းသုံး နေထိုင်တော်မူ ကြသော ရဟန်း၊ သာမဏေ ၄၄၉ ပါးနှင့် သီလရှင် ၇ ကျောင်းတို့တွင် သီတင်းသုံးနေထိုင်တော်မူကြသော သီလရှင် ၅၉ ပါးတို့အား ဆွမ်းဆန်တော် ၁၀၂ အိတ်၊ ဆီ ၃၀၅ ပိဿာ၊ ပဲ ၃၁ အိတ်၊ ပျော်ဘွယ် မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၄၃ ကျောင်းတွင် သီတင်းသုံး နေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၅၅၆ ပါးနှင့် သီလရှင် ၅၂ ပါးတို့အား ဆွမ်းဆန်တော် ၁၂၂ အိတ်၊ ဆီ ၃၆၅ ပိဿာ၊ ပဲ ၃၇ အိတ်၊ စုစုပေါင်း ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း ၉၄ ကျောင်းတို့တွင် သီတင်းသုံးလျက် ရှိသော ရဟန်း၊ သာမဏေ၊ သီလရှင် ၁၁၁၆ ပါးအတွက် ဆွမ်းဆန်တော် ၂၂၄ အိတ်၊ ဆီ ၆၇၀ ပိဿာ၊ ပဲ ၆၈ အိတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းကာလများအတွင်း ရဟန်း၊ သာမဏေ၊ သီလရှင်များ ဆွမ်းကွမ်း အဆင်ပြေစေရန်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း ၆၂၄ ကျောင်းရှိ ရဟန်း၊ သာမဏေ ၁၄၈၈၄ ပါးနှင့် သီလရှင်ကျောင်း ၅၇ ကျောင်းရှိ သီလရှင် ၃၆၁၇ ပါးတို့အတွက် ဆွမ်းဆန်တော်အိတ် ၃၀၁၁ အိတ်၊ ဆီ ၆၅၅ ပိဿာနှင့် ပဲ ၈၇ အိတ်တို့ကို လှူဒါန်းခဲ့ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပရိယတ္တိစာသင်တိုက် ၁၀၇ တိုက်မှ ရဟန်းသာမဏေ ၆၇၆၄ ပါးနှင့် သီလရှင် ၁၁၁ ပါးတို့အား ဆွမ်းဆက်ကပ်နိုင်ရန် ဆွမ်းပဒေသာပင် ငွေကျပ် ၇၀၀ သိန်း၊ ဆွမ်းဆန်တော်အိတ် ၂၂၄ အိတ်၊ ဆီ ၆၇၀ ပိဿာ၊ ပဲ ၆၈ အိတ်တို့အား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပရိယတ္တိစာသင်တိုက် ၁၀ တိုက်မှ ရဟန်းသာမဏေ ၁၉၅၀ ပါးတို့အတွက် ဆွမ်း ဆက်ကပ်နိုင်ရန် ဆွမ်းပဒေသာပင် ငွေကျပ် ၇၀၀ သိန်း လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။