ရွေးချယ်တင်မြှောက်ခြင်း

        သံဃာ့အဖွဲ့အစည်းတိုင်း၏ ရွေးကောက်ခြင်း၊ တင်မြှောက်ခြင်းကဏ္ဍများ၌ သံဃာတော် အချင်းချင်းသာ ဆောင်ရွက်ကြ၍ အခြေခံဒေသအတွင်း သတ်မှတ်ထားသည့် အရပ်ဒေသ၌ သံဃာများ စည်းဝေး၍ ရွေးချယ်မည့်ပုဂ္ဂိုလ်အား အဆိုပြုပြီး ထောက်ခံမှုကို ဆိတ်ဆိတ်နေခြင်း၊ ကန့်ကွက်ခြင်း ဖြင့် သံဃာ့အလယ်တွင် ဆုံးဖြတ်ပြီး အတည်ပြုကြပါသည်။ အဆိုပြုလျာထားခံရသော ပုဂ္ဂိုလ်သည် တစ်ကြိမ်နှင့် ပြီးပြတ်သည်လည်းရှိ၏။ နှစ်ကြိမ်၊ သုံးကြိမ် အဆိုပြုပြီးမှ ပြီးပြတ်သည်လည်းရှိ၏။ ထိုမျှနှင့် မပြီးပြတ်ဘဲ အပြိုင်နှစ်ပါးဖြစ်နေသော် မဲပုံးထောင်၍ လျှို့ဝှက်မဲစနစ်အသုံးပြုကာ ဆုံးဖြတ် ရသည်လည်း ရှိပါသည်။

      သံဃာ့အဖွဲ့အစည်း ရွေးချယ်ပွဲများတွင် သာသနာရေးဝန်ကြီးဌာနသည် ဥပတ္ထမ္ဘကအဖြစ်ဖြင့်သာ ပါဝင်ဆောင်ရွက်ရပြီး သံဃာ့အဖွဲ့အစည်းရွေးချယ်ပွဲ၌ တစ်စုံတစ်ရာ ဝင်ရောက်စွက်ဖက်ခြင်း မရှိပါ။ သံဃာ့ကိစ္စ သံဃာဆောင်ရွက်မှုအပေါ် ဒေသအာဏာပိုင် အဖွဲ့အစည်းများအနေဖြင့်လည်း လုံခြုံရေး အရ ကူညီရုံသာရှိပါသည်။