မျက်မှောက်ခေတ် ဂိုဏ်းပေါင်းစုံသံဃာ့အဖွဲ့အစည်းကြီးပေါ်ပေါက်လာပုံ

၁။ ပဉ္စမသင်္ဂါယနာတွင် မင်းတုန်းမင်းတရားကြီး လက်ထက် ရတနာပုံရွှေမြို့တော် တည်ထောင်ရာ ကာလ၌ တပြိုင်တည်း တည်ဆောက်ခဲ့သော သုဓမ္မာဇရပ်များ၌ သမ္မုတိ ပေးရွေးချယ်ခံရသော ဆရာတော်များက သံဃာ့ကိစ္စ သာသနာ့ ကိစ္စအဝဝကို ဆောင်ရွက်တော်မူ ခဲ့ကြပါသည်။ သုဓမ္မာဇရပ်၌ သီတင်းသုံး၍ သံဃာ့ရေးရာကိစ္စများ စီမံဆောင်ရွက်ပွဲများသို့ မတက်ရောက်နိုင်သော အချို့ ဆရာတော်ကြီးများနှင့် နောက်လိုက်တပည့်များကို သီးခြားကံဆောင်ခွင့်စသော ကိစ္စရပ်များကို ခွင့်ပြု လျှောက်ထားခဲ့ရာမှစ၍ သီးခြားရပ်တည်ခွင့်ရှိခဲ့ကြပါသည်။
၂။ သုဓမ္မာဇရပ်၌ သံဃာ့ကိစ္စဆောင်ရွက်တော်မူခဲ့ကြသော မူလသံဃာတော်များကို “သုဓမ္မာဂိုဏ်း” ဟု သမုတ်တော်မူခဲ့ကြပြီး အသီးအခြား သံဃာတော်များတို့ကိုလည်း ရပ်ရွာဒေသနှင့် အယူအဆ အားလျော်စွာ ဂိုဏ်းအသီးသီးတို့၏ အမည်နာမကို သမုတ်တော်မူခဲ့ကြပါသည်။
၃။ သုဓမ္မာဂိုဏ်း သံဃာတော်များသည် မင်းတုန်းမင်းတရားကြီး လက်ထက်မှစ၍ ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ်၊ ကိုလိုနီခေတ် တစ်လျှောက်လုံးတွင် သာသနာပိုင် ရွေးချယ် တင်မြှောက်ပြီး သံဃနာယက ဆရာတော်များ၊ ဝိနိစ္ဆယ ဆရာတော်များ၊ ဂိုဏ်းချုပ် ဆရာတော်များ၊ ဂိုဏ်းအုပ် ဆရာတော်များ၊ ဂိုဏ်းထောက်ဆရာတော်များဖြင့် သံဃာ့ ကိစ္စအဝဝကို  စီမံ ဆောင်ရွက်တော်မူ ခဲ့ကြပါသည်။
၄။ ဤသို့ဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ အချိန်ကာလတွင် သုဓမ္မာဂိုဏ်း သံဃာတော်များ သည် သာသနာပိုင် ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်၊ ဂိုဏ်းထောက်များ ဖြင့်လည်းကောင်း၊  ရွှေကျင်ဂိုဏ်း၊ ဒွါရဂိုဏ်း၊ ငှက်တွင်းဂိုဏ်း အစရှိသော သံဃာ့ဂိုဏ်း အသီးသီးတို့သည် မိမိတို့ဂိုဏ်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းများဖြင့် လည်းကောင်း အုပ်ချုပ်ခဲ့ကြပါသည်။ မဟာထေရ် ဆရာတော်ကြီးများ၏ ဆုံးမသြဝါဒ နှင့်အညီ လိုက်နာ သီတင်းသုံးခဲ့ကြပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၄၉-ခုနှစ်တွင် ဝိနည်းဓမ္မကံမှုခင်းများကို ဆုံးဖြတ်ရန် ၁၃၁၁-ခုနှစ်၊ ဝိနိစ္ဆယအက်ဥပဒေကို လည်းကောင်း၊ ၁၉၅၅-ခုနှစ်တွင် ၁၃၁၆-ခုနှစ် ဝိနိစ္ဆယဌာန(ပြင်ဆင်ချက်)အက်ဥပဒေ၊ (ဝိနိစ္ဆယဌာန နှင့်ဝိနိစ္ဆယခုံအက်ဥပဒေ)ကိုလည်းကောင်း ပြဋ္ဌာန်း၍ သံဃဝိနိစ္ဆယအဖွဲ့များဖြင့် သံဃာ့အမှုကိစ္စများ ကို ဆုံးဖြတ်ဆောင်ရွက်ခဲ့ပါသည်။ သို့ရာတွင် သံဃာတော်များ အချင်းချင်း အငြင်းပွားမှုများကို စီရင်ဆုံးဖြတ်ခြင်းနှင့် ဝိနည်းသိက္ခာပုဒ်တော်များနှင့်အညီ ကျင့်ကြံနေထိုင် သီတင်းသုံးခြင်း ရှိ/မရှိ ကြပ်မတ်ရာတွင် ထိရောက်အောင်မြင်မှု မရှိသဖြင့် ယင်းဥပဒေကို ၁၉၆၅ ခုနှစ်တွင် တော်လှန်ရေး ကောင်စီအစိုးရက ဥပဒေအမှတ်(၁)ဖြင့် ရုပ်သိမ်းခဲ့ပါသည်။
၅။ ထို့နောက် အချို့သံဃာများသည် ဝိနည်းတရားတော်များနှင့်အညီ ကျင့်သုံးနေထိုင်မှုမရှိခြင်း၊ အဓမ္မဝါဒများကို ဗုဒ္ဓဝါဒအမည်ခံ၍ ဟောကြားခြင်း၊ တန်ခိုးကြီးဘုရား ပရိဝုဏ်အနီးတွင် သာသနာတော်နှင့် မသင့်လျော်သောအလုပ်တို့ကို သာသနာပြု အမည်တပ်ကာ ရဲဝံ့စွာလုပ်ကိုင် လာခြင်း၊ သိက္ခာမတင် သိမ်မဝင်ဘဲ ရှင်ရဟန်းအသွင်ယူ၍ မြို့ရွာ၊ ရပ်ကွက်အတွင်း လှည့်လည် အလှူခံခြင်း စသည့်အမှုများ ပြုလုပ်လာခဲ့ကြပါသည်။
၆။ ဗုဒ္ဓမြတ်စွာသာသနာတော် နှင့်စပ်လျဉ်းသည့် လုပ်ငန်းကိစ္စရပ်များကို ဆောင်ရွက်ရာ၌ သံဃာ တော်အချင်းချင်း ကြပ်မတ် ကွပ်ကဲ ထိန်းသိမ်းသည့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်သည် မဏ္ဍိုင်ကြီး သဖွယ် ရပ်တည် နေနိုင်ရန်မှာ အထူး အရေးကြီးလှသည် ဖြစ်ရာ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန ဝန်ကြီးသည် ၁၉၇၉-ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပသော ဝန်ကြီးအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၆၆)၏ သဘောတူခွင့်ပြုချက်ဖြင့် သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်များ ပါဝင်သော ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီး ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ ထိုအစည်းအဝေး ကြီး ထမြောက် အောင်မြင်ရေးအတွက် ကြိုတင် ပြင်ဆင်မှုများပြုလုပ်ရန် တိုင်းဒေသကြီး/ ပြည်နယ်များ အလိုက်၊ ဂိုဏ်းအလိုက် ရွေးချယ်ခဲ့သည့် သံဃာ့ဝန်ဆောင် ၆၆ ပါးကို အခြေတည်၍ အကြံပေးအဖွဲ့၊ သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ် ရွေးချယ်ရေးနည်းလမ်းများ၊ အရေအတွက်နှင့် အရည်အချင်း သတ်မှတ်ချက်များ စာတမ်း ပြုစုရေးအဖွဲ့၊ သံဃာ့ဝန်ဆောင်ဆရာတော် ၂၀ ပါး ပါဝင်သော ဝိနည်း ဓမ္မကံအဓိကရုဏ်း မှုခင်းများ ဖြေရှင်း ဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ရေးဆွဲရေးအဖွဲ့၊ သာသနာဝင် လက်မှတ် စီစဉ်ရေးဆွဲရေး အဖွဲ့စသည်တို့ကိုလည်း ဖွဲ့စည်းခဲ့ကြပါသည်။
၇။ မြန်မာနိုင်ငံအတွင်းရှိ ထေရဝါဒဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်များသည် အကျင့်သီလ ကျင့်သုံးမှု တူညီကြသော်လည်း မိမိတို့ဆရာစဉ်ဆက် အစုအဖွဲ့ဖြင့် တည်ရှိနေသည့် ဂိုဏ်းပေါင်းစုံ သံဃာတော်များပါဝင်သည့် သံဃာ့အဖွဲ့အစည်းကြီးတစ်ခု တည်ရှိနေစေရန်အတွက် ဂိုဏ်းပေါင်းစုံ သံဃာ့မထေရ်ကြီး ၆၆-ပါးတို့က စုပေါင်းဆွေးနွေးခြင်း၊ နယ်လှည့်၍ ထက်အောက်အပြန်အလှန် ဆွေးနွေးခြင်းဖြင့် သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝေးပွဲကြီးကို သာသနာတော်နှစ် ၂၅၂၄၊ ကောဇာသက္ကရာဇ် ၁၃၄၂ ခုနှစ်၊ နယုန် လဆန်း ၁၁ ရက်၊ ၁၉၈၀ ပြည့်နှစ်၊ မေလ ၂၄ ရက်၊ စနေနေ့မှ မေလ ၂၆ ရက်၊ တနင်္လာနေ့အထိ ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ကျင်းပခဲ့ပါသည်။
၈။ ယင်းအစည်းအဝေးကြီးကို မြန်မာနိုင်ငံတစ်ဝန်းလုံး မြို့နယ်ပေါင်း ၃၂၀ ရှိ ကျောင်းပေါင်း ၄၆၂၉၇ ကျောင်း၊ ရဟန်းတော်ပေါင်း ၁၄၂၃၆၀ ပါး အနက်မှ သံဃာအနည်းအများနှင့် အခြေခံဒေသ အလိုက် ရွေးချယ်ခံရတော်မူသော သံဃသမ္မုတိရ ဆရာတော် ၁၂၁၉ ပါးတို့ တက်ရောက်ကြပါသည်။ သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်ဆရာတော်များထဲမှ အခြေခံဒေသ သံဃာအချိုး အစားအလိုက် ရွေးကောက်သည့် သံဃာတော်များ ပါဝင်ဖွဲ့စည်းသော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် များ ရွေးချယ်ခြင်း၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်များထဲမှ အခြေခံဒေသအလိုက် ရွေးကောက် တင်မြှောက်မှုဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်း တို့ကို  ဆောင်ရွက်နိုင်ခဲ့ပါသည်။ အလားတူ ရပ်ကွက် /ကျေးရွာဝန်ဆောင် သံဃာတော်များထဲမှ ရပ်ကွက် /ကျေးရွာ သံဃနာယကအဖွဲ့ ရွေးချယ် ဖွဲ့စည်းခြင်း၊ မြို့နယ်ဝန်ဆောင် သံဃာတော်များ ထဲမှ မြို့နယ်သံဃ နာယကအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ဆောင် ဆရာတော်များထဲမှ တိုင်းဒေသကြီး/ ပြည်နယ်သံဃနာယကအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းများ ပြုလုပ်၍ ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ပေါ်ပေါက်လာခဲ့ပြီး ယခုအခါ သက်တမ်းအားဖြင့် ၃၅ နှစ် ကျော်လွန်ခဲ့ပါပြီ။