နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ စုံညီအစည်းအဝေး

၁။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ စုံညီအစည်းအဝေးကို အနည်းဆုံး (၄)လ(၁)ကြိမ် ကျင်းပရမည်။ (သံ/စည်း၊ အပိုဒ်-၇၀)
၂။ (က)  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ စုံညီအစည်းအဝေးကို (၄)လ(၁)ကြိမ် ကျင်းပရမည်၊
(ခ)    လိုအပ်ပါက အထူးအစည်းအဝေးကို ခေါ်ယူကျင်းပနိုင်သည်။ (သံ/လုပ်ထုံး၊ အပိုဒ်-၁၉၁)
၃။ သံဃနာယကအဖွဲ့အဆင့်ဆင့် စုံညီအစည်းအဝေးသို့ သက်ဆိုင်ရာ သံဃနာယက ဆရာတော် များသာ တက်ရောက်ခွင့်ရှိသည်။ (သံ/လုပ်ထုံး၊ အပိုဒ်-၁၉၂)
၄။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ခွဲ အသီးသီးသည် အလှည့်ကျရာ ကာလအတွင်း ဆောင်ရွက်ပြီးစီးသော သာသနာတော်ဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို အနီးကပ်ဆုံး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ စုံညီအစည်းအဝေးသို့ တင်သွင်းရမည်။ သံ/လုပ်ထုံး၊ အပိုဒ်-၁၉၉(ခ)
၅။ သံဃာ့ဝန်ဆောင်/သံဃနာယကဆရာတော်များသည် သက်ဆိုင်ရာ/တာဝန်ရှိ သံဃနာယက အဖွဲ့က တင်သွင်းသည့် အစီရင်ခံစာများကို ကြားနာခြင်း၊ ဝေဖန်ဆွေးနွေးခြင်း၊ အတည်ပြုခြင်း များကို ပြုလုပ်ကြရမည်။ သံ/လုပ်ထုံး၊ အပိုဒ်-၁၉၉(ဂ)
၆။ သံဃာ့ဝန်ဆောင်/သံဃနာယကအဖွဲ့ အဆင့်ဆင့်သည် အောက်သံဃာ့အဖွဲ့အစည်းများ၏ တင်ပြချက်များ၊ အထက်သံဃာ့အဖွဲ့အစည်းများ၏ ညွှန်ကြားချက်များကို ကြားနာပြီး ယင်းတို့နှင့် စပ်လျဉ်းသည့် မိမိအဖွဲ့၏ ဆောင်ရွက်ချက်များကို ဝေဖန်ဆွေးနွေး၍ လိုအပ်သလို ညွှန်ကြားချက် ထုတ်ပြန်ခြင်း၊ လမ်းညွှန်ချက်ပေးခြင်း၊ ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ထားခြင်းတို့ကို ပြုလုပ်နိုင်သည်။ (သံ/လုပ်ထုံး၊ အပိုဒ်-၂၀၁)
၇။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ စုံညီအစည်းအဝေးများအနက် အဖွဲ့သစ်၏ ပထမအကြိမ် အစည်းအဝေး၌ ဥက္ကဋ္ဌအကျိုးတော်ဆောင် ဆရာတော်ကြီး (၂)ပါးကို ချန်လှပ်၍ ကျန် (၄၅)ပါးတို့ကို (၃)ဖွဲ့ခွဲ၍ လုပ်ငန်းတာဝန်များ အလှည့်ကျ ထမ်းဆောင်ရန် ဆုံးဖြတ်ပါသည်။
၈။ (၄၇)ပါးစုံညီ ပထမအစည်းအဝေးပွဲကြီးအပြီးတွင် အလှည့်ကျအဖွဲ့ခွဲ စတင်တာဝန် ထမ်းဆောင်ပြီး သတ်မှတ်ကာလတွင် အဖွဲ့ခွဲ၏ ပထမအစည်းအဝေးကို ကျင်းပပါသည်။
၉။ အဆိုပါ အစည်းအဝေး၌ ဝိနိစ္ဆယအဖွဲ့ငယ် ဆရာတော်(၅)ပါး၊ သာသနာရေးအဖွဲ့ငယ် ဆရာတော် (၅)ပါး၊ ပညာရေးအဖွဲ့ငယ် ဆရာတော်(၅)ပါး ခွဲဝေသတ်မှတ်ပါသည်။
၁၀။

ရုံးလုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်ဖွယ်ရာများကို ယင်းအစည်းအဝေး၌ ဆွေးနွေး၍ ဖော်ပြပါအတိုင်း ဆောင်ရွက်ရန် ဆုံးဖြတ်တော်မူကြပါသည်-

(က)ဆရာတော်များ ရုံးတက်/ရုံးဆင်းချိန်ကို နေ့စဉ် မွန်းလွဲ(၁)နာရီမှ ညနေ(၄)နာရီအထိ          သတ်မှတ်ရန်၊ ဥပုသ်နှင့် အခြားအစိုးရ ရုံးပိတ်ရက်များကို နိုင်ငံတော်သံဃမဟာ နာယကဆရာတော်များ၏ ရုံးပိတ်ရက်များ အဖြစ် သတ်မှတ်ရန်၊

(ခ)နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျအဖွဲ့ခွဲ၏ (၁၅)ပါးစုံညီ အစည်းအဝေးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့များ၌ ကျင်းပရန်နှင့် ဗုဒ္ဓဟူးနေ့သည် အစိုးရရုံးပိတ်ရက်များနှင့် တိုက်ဆိုင်နေပါက အင်္ဂါ(သို့မဟုတ်) ကြာသပတေးနေ့ များ၌ ကျင်းပရန်၊

(ဂ)ညွှန်ကြားလွှာများ နှင့် အမိန့် ပြန်တမ်းများကို ဒုတိယဥက္ကဋ္ဌ ဆရာတော် (၁) နှင့် တွဲဖက် အကျိုးတော်ဆောင် ဆရာတော်(၁) တို့က လက်မှတ်ရေးထိုး ထုတ်ပြန်ရန်၊ ယင်း ဆရာတော်များ မရှိပါက ဒုတိယဥက္ကဋ္ဌ ဆရာတော်(၂)နှင့် တွဲဖက်အကျိုးတော်ဆောင် ဆရာတော် (၂) တို့က လက်မှတ် ရေးထိုး ထုတ်ပြန်ရန်၊

(ဃ)ထွက်စာများသည် အရေးကြီးပါက တွဲဖက်အကျိုးတော်ဆောင် ဆရာတော်က အရေးကြီးဟူ၍ သတ်မှတ်ပေးလျှင် လူကိုယ်တိုင်သော်လည်းကောင်း၊ မှတ်ပုံတင်ဖြင့် သော်လည်းကောင်း၊ အမြန်ချောဖြင့်သော်လည်းကောင်း ပေးပို့ရန်၊ ထွက်စာအမြန် ရောက်ရှိရေးအတွက် သာသနာရေးဦးစီးဌာနက ဆောင်ရွက်ရန်။

၁၁။ ပထမအစည်းအဝေးကျင်းပပြီးသည့် နောက်တစ်နေ့မှစ၍ အဖွဲ့ငယ်(၃)ဖွဲ့တို့သည် စတင် ရုံးထိုင်ကာ အဖွဲ့ငယ် တစ်ဖွဲ့ချင်းစီ၏ ခေါင်းဆောင်ဆရာတော် ရွေးချယ်သတ်မှတ် တင်မြှောက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံ တင်ပြလာသော ဝင်စာများ ဖတ်ရှုတော်မူကြပြီးလုပ်ငန်းများ စတင်ဆောင်ရွက်တော်မူကြပါသည်။
၁၂။ အဖွဲ့ငယ်ဆရာတော်များက တင်ပြလာသော စာများအနက် သက်ဆိုင်ရာဌာန များသို့ ညွှန်ကြားရန် မှတ်ချက်ပြုခြင်း၊ အဖွဲ့ငယ်၏ မှတ်ချက်ပြု အဆုံးအဖြတ်ဖြင့် မပြီးပြတ်နိုင်ပါက အဖွဲ့ခွဲ (၁၅)ပါး အစည်းအဝေးသို့ တင်ပြရန် မှတ်ချက်ပြုခြင်းများ ဆောင်ရွက်တော်မူကြပါသည်။