နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆိုသည်မှာ

ddd
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊

နဝမဗန်းမော်ဆရာတော်ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အဘိဓဇမဟာရဋ္ဌဂုရု၊

အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ

၁။ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဆိုသည်မှာ နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့က ရွေးချယ် တင်မြှောက် ဖွဲ့စည်းပေးသော သံဃာ့အဖွဲ့ကို ဆိုသည်။(သံ/စည်း၊ ၂-ထ)
၂။ နိုင်ငံတော်အဆင့် သံဃာ့အဖွဲ့များတွင် ပါဝင်သော အဖွဲ့ဝင်ဆရာတော်များသည် ရပ်ကွက်/ ကျေးရွာအုပ်စု သံဃာ့ဝန်ဆောင်များ၊ မြို့နယ်သံဃာ့ဝန်ဆောင်များ၊ တိုင်းဒေသကြီး/ပြည်နယ် သံဃာ့ဝန်ဆောင်များတွင် သော်လည်းကောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု သံဃနာယကအဖွဲ့၊ မြို့နယ် သံဃနာယကအဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ်သံဃနာယကအဖွဲ့များတွင် သော်လည်းကောင်း ပါဝင်ခြင်း မရှိစေရ။ (သံ/စည်း၊ ၁၇)
၃။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့သည် မိမိအပါအဝင် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ဝင်များထဲမှ သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် ကြီးကြပ်ရေး အဖွဲ့ကို ဖွဲ့စည်း၍ တိုင်းဒေသကြီး/ ပြည်နယ်သံဃနာယက ရွေးချယ်ဖွဲ့စည်းမှု၊ တိုင်းဒေသကြီး /ပြည်နယ်ဩဝါဒါစရိယ ရွေးချယ်မှုနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အစားထိုး ရွေးချယ်မှုများကို ကြီးကြပ် ဆောင်ရွက်ပေးရမည်။ (သံ/စည်း၊ ၄၀)
၄။ နိုင်ငံတော်သံဃမဟာနာယက၏ သက်တမ်းသည် ပုံမှန်အားဖြင့် (၆)နှစ်ဖြစ်သည်။ ထပ်မံ ရွေးချယ်ခံရပါက ဒုတိယ(၆)နှစ်သက်တမ်း ထမ်းဆောင်ခွင့်ရှိသည်။ (၆)နှစ်သက်တမ်း (၂)ကြိမ်ထက် ပိုမို၍ ထမ်းဆောင်ခွင့် မရှိစေရ။ (သံ/စည်း၊ ၈၉)
၅။

(က) နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် ဖွဲ့စည်းခွင့်တောင်းခံလာသည့် ဘာသာရေး ဆိုင်ရာ သံဃာ့အဖွဲ့အစည်းများကို သံဃနာယကအဖွဲ့အစည်းအဆင့်ဆင့်၏ ကြီးကြပ် မှုကိုခံယူစေပြီး ခွင့်ပြုနိုင်သည်။ သို့သော် ၎င်းအဖွဲ့အစည်းများသည် နိုင်ငံရေး အဖွဲ့အစည်းများနှင့် ရောထွေးမှု မရှိစေရ၊

(ခ)  သံဃနာယက အဖွဲ့အဆင့်ဆင့်၏ ကြီးကြပ်မှုကို မခံယူသော ဘာသာရေး ဆိုင်ရာ  သံဃာ့ အဖွဲ့အစည်းများကို ခွင့်မပြုရ။(သံ/လုပ်ထုံး၊ ၃)

၆။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဝင် ဆရာတော် ၄၇-ပါးဖြင့် ဖွဲ့စည်းရမည်။(သံ/လုပ်ထုံး၊ ၅)
၇။ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့သည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို မိမိတို့ အထဲမှ ဆရာတော်(၄၇)ပါး ပါဝင်စေ၍ ရွေးချယ်ဖွဲ့စည်းပေးရမည်။ (သံ/လုပ်ထုံး၊ ၇၆)
၈။ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အကျိုးတော်ဆောင်နှင့် တွဲဖက်အကျိုးတော်ဆောင် ဆရာတော်များသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အကျိုးတော်ဆောင်နှင့် တွဲဖက်အကျိုးတော်ဆောင် ဆရာတော်များလည်း ဖြစ်ကြ သည်ဟု မှတ်ယူရမည်။(သံ/လုပ်ထုံး၊ ၇၇)
၉။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်သည် တိုင်းဒေသကြီး / ပြည်နယ် အသီးသီး၊ ဂိုဏ်းအသီးသီးတို့နှင့် ညှိနှိုင်းပြီးနောက် တိုင်းဒေသကြီး /ပြည်နယ်အသီးသီး၊ ဂိုဏ်း အသီးသီးတို့မှ ဆရာတော်များ အဖြစ်နိုင်ဆုံး စုံလင်စွာ ပါဝင်စေလျက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော် (၃၃)ပါး၏ ဘွဲ့အမည်စာရင်း တစ်စောင်ကို ပြုစု၍ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အစည်းအဝေးသို့ တင်သွင်းပြီး အတည်ပြုချက် ရယူရမည်။(သံ/လုပ်ထုံး၊ ၇၈)
၁၀။

အပိုဒ်-၉အရ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌဆရာတော် တင်သွင်းသည့် ဘွဲ့အမည်စာရင်းကို ဖော်ပြလတ္တံ့ပါ နည်းလမ်းတစ်ခုခုဖြင့် အစည်းအဝေး တက်ရောက်သော နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်များ၏ များရာသံဃ ဆန္ဒရယူ၍ အတည်ပြုကြေညာရမည်-

(က)    သံဃဆန္ဒကို အတိအလင်း ရယူသည့်နည်းလမ်း၊

(ခ)     သံဃဆန္ဒကို လျှို့ဝှက် ရယူသည့်နည်းလမ်း။(သံ/လုပ်ထုံး၊ ၇၉)

၁၁။ အဖွဲ့ဝင်အရေအတွက် မပြည့်သေးပါက လိုအပ်သောနေရာအတွက် ဘွဲ့အမည်သစ်စာရင်းကို အပိုဒ်(၉)အတိုင်း ဥက္ကဋ္ဌဆရာတော်က ဒုတိယနှင့် တတိယအကြိမ် တင်သွင်းပြီး များရာသံဃဆန္ဒ ရယူ၍ အတည်ပြု ကြေညာရမည်။(သံ/လုပ်ထုံး၊ ၈၀)
၁၂။

(က)တတိယအကြိမ် တင်သွင်းသော်လည်း သံဃဆန္ဒ ထက်ဝက်ကျော် မရသော နေရာကို ချန်လှပ်၍ ရရှိသည့် အဖွဲ့ဝင် ဆရာတော်များဖြင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို ဖွဲ့စည်းရမည်။

(ခ)ချန်လှပ်ခဲ့ရသော နေရာအတွက် ဒုတိယ၊ တတိယစသော နှစ်ပတ်လည် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင် အစည်းအဝေးတို့၌ အပိုဒ်(၁၀၊၁၁) တို့နှင့်အညီ ဆောင်ရွက် ရမည်။(သံ/လုပ်ထုံး၊ ၈၁)

၁၃။ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် အပါး(၃၀၀) နှင့် ယင်းဆရာတော် အပါး(၃၀၀) အနက်မှ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ (၄၇)ပါးတို့သည် ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာ စသည့်ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိသည်။ ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင် ဆရာတော်တို့အား အမြဲတာဝန်ရှိစေလျက် အဖွဲ့ဝင်(၄၅)ပါးထဲမှ ဒုတိယဥက္ကဋ္ဌ(၂)ပါး၊ တွဲဘက် အကျိုးတော်ဆောင်(၂)ပါး၊ အဖွဲ့ဝင်(၁၁)ပါး စုစုပေါင်း(၁၅)ပါး ပါဝင်သည့် ပထမအဖွဲ့ခွဲ၊ ဒုတိယ အဖွဲ့ခွဲ၊ တတိယအဖွဲ့ခွဲ ဟူ၍ အဖွဲ့ခွဲ(၃)ဖွဲ့ဖြင့် (၄)လတစ်ကြိမ် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာ နာယကကျောင်းတော်ကြီး၌ ရုံးထိုင်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပုံမှန်အစည်းအဝေး ကျင်းပ၍ တာဝန်ထမ်းဆောင်ကြပါသည်။