သတ္တမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပဉ္စမအစည်းအဝေး တတိယနေ့ကျင်းပ

သတ္တမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပဉ္စမအစည်းအဝေး တတိယနေ့ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ၁၃၇၈-ခုနှစ်၊ တပေါင်းလဆန်း ၁၁-ရက်၊ ၂၀၁၇-ခုနှစ်၊ မတ်လ ၈-ရက် နံနက် (၈)နာရီတွင် ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်သြဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီး များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ အရာထမ်း/ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။

အစည်းအဝေး၏ သဘာပတိဆရာတော်အဖြစ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ(အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဒမ္မဇောတိက) က ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တနန္ဒသာရ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) က ဆောင်ရွက်တော် မူသည်။

ယင်းနောက် အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေးထမြောက် အောင်မြင်ကြောင်း ကြေညာသည်။ ထို့နောက် ယနေ့ဖြန့်ဝေဆက်ကပ်ထားသည့် အစီအစဉ်တွင် ပါရှိသည့် အတိုင်း အစည်းအဝေး ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာပြီး တစ်နှစ်တာ ကာလအတွင်း  ဆောင်ရွက်ခဲ့သော  အစီရင်ခံစာအပေါ် ဝေဖန်ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ တွဲဖက်အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တဂုဏိကာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ) ပြန်လည်ရှင်လင်းလျှောက်ထားကာ အတည်ပြုချက်ရယူပြီး နံနက်ပိုင်း အစည်းအဝေးကို ရပ်နားသည်။

နေ့လယ် (၁)နာရီတွင် အစည်းအဝေးကို ပြန်လည်စတင်ပြီး အနားယူသွားသော နိုင်ငံတော်သံဃမဟာနာယကဆရာတော်နှင့် အစားထိုးရွေးချယ်ခံရသည့် နိုင်ငံတော်သံဃ မဟာနာယကဆရာတော် ဘွဲ့အမည်စာရင်းကို အကျိုးတော်ဆောင် ဆရာတော်က ဖတ်ကြားတင်သွင်းသည်။ ထို့နောက် အစားထိုးရွေးချယ်ခံရသော နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌဆရာတော်၏ ဘွဲ့အမည်စာရင်းကို   ဥက္ကဋ္ဌ ဆရာတော်ကြီးကိုယ်စား အကျိုးတော်ဆောင်ဆရာတော်ကဖတ်ကြားတင်သွင်းသည်။

ထို့နောက် နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ဝင် ဆရာတော်များအား နိုင်ငံတော် ဝိနည်းဓိုရ် လက်မှတ်များ ဆက်ကပ်ခြင်းနှင့် နိုင်ငံတော်သံဃဝိနိစ္ဆယစီရင်ထုံးများ ပြုစုခဲ့သည့် ဆရာတော်ကြီးများထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ဆက်ကပ်သည်။

ယင်းနောက် သတ္တမအကြိမ်နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပဉ္စမ အစည်းအဝေးတွင် ချမှတ်ခဲ့သည့် အစားထိုးရွေးချယ်မှုများ၊ ဆုံးဖြတ်ချက်များ၊ အတည်ပြုချက်များ၊ မှတ်တမ်းတင်ချက်များကို သာသနာ့သမိုင်းဝင် မှတ်တမ်း စာအုပ်ကြီး၌ သြဝါဒါစရိယ ဆရာတော်(၁၅)ပါး၊ ဥက္ကဋ္ဌဆရာတော်၊ အကျိုးတော် ဆောင်ဆရာတော်၊ ဂိုဏ်းအသီးသီးနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတို့မှ ကိုယ်စားလှယ် တစ်ပါးစီတို့က လက်မှတ် ရေးထိုးတော်မူကြသည်။

ထို့နောက် သဘာပတိ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက)၏ နိဂုံးချုပ် ဥယျောဇနကထာကို နာယူတော်မူကြပြီး အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်အားလုံးက “ဇယန္တော ဗောဓိယာမူလေ” အစချီ (၂)ဂါထာကို သုံးကြိမ်ရွတ်ဆိုတော်မူကြပြီး “သာဓု” သုံးကြိမ်ခေါ်ဆိုကာ သတ္တမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပဉ္စမအစည်းအဝေးကြီးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

Scan3 Scan30001 Scan30002

အခမ်းအနားကျင်းပနေပုံများ

DSC_3869 DSC_3878 DSC_3882 DSC_3899 DSC_3900 DSC_3903 DSC_3913 DSC_3927 DSC_3930 DSC_3970 DSC_3971 DSC_3975 DSC_3976 DSC_3980 DSC_3992 DSC_3997 DSC_4001