နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၊ ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယဆရာတော်ကြီးများနှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)(သင်ကြား/စီမံ၊ စာသင်သား) သံဃာတော်များအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Shenzhen ဗုဒ္ဓဘာသာအဖွဲ့ အတွင်းရေးမှူး၊ တောင်တရုတ်ပင်လယ်တရုတ်ဗုဒ္ဓဘာသာအဖွဲ့အစည်းမှလှူဒါန်းသော

 Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း

ရန်ကုန် ဇန်နဝါရီလ ၂၆

၁၃-၁-၂၀၂၂ ရက်နေ့တွင် Shenzhen ဗုဒ္ဓဘာသာအဖွဲ့ အတွင်းရေးမှူး၊ တောင်တရုတ် ပင်လယ်တရုတ်ဗုဒ္ဓဘာသာအဖွဲ့အစည်း  ဒုတိယဥက္ကဋ္ဌ Honfa ဘုန်းတော်ကြီးကျောင်းဆရာတော် Venerable Master Yin Shun ကိုယ်စား တရုတ်ကုန်သည်ကြီးများအသင်းက မဟာနာယက ကျောင်းတော်ကြီးတွင် သီတင်းသုံးတော်မူလျက်ရှိကြသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုသော ဆရာတော်ကြီးများအား တရုတ်ပြည်သူ့သမ္မတ နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၅၀၀၀ စာ လှူဒါန်းခဲ့ပါသည်။     

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများ၏သြဝါဒ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၏လမ်းညွှန်မှုအရ Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းကို ယနေ့နေ့လည် (၁၂)နာရီအချိန်တွင်  ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာနာယက ကျောင်းတော်ကြီး၏ဘုရားခန်းမ၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ(ပထမအဖွဲ့ခွဲ) ဆရာတော်ကြီး(၉)ပါးအားလည်းကောင်း၊ နေ့လည်(၁)နာရီအချိန်တွင် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်) သမဝါယမတန်ဆောင်း၌ ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယဆရာတော်ကြီး များနှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) သင်ကြား/စီမံ၊ စာသင်သားသံဃာတော် (၂၄၉)ပါးတို့အားလည်းကောင်း ကာကွယ်ဆေးထိုးနှံခဲ့ပါသည်။

 ၂၇-၁-၂၀၂၂ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ တက္ကသိုလ် သင်ကြား/စီမံ၊ စာသင်သားသံဃာတော်(၁၂၈)ပါးကိုလည်းကောင်း၊ ၂၈-၁-၂၀၂၂ ရက်နေ့တွင် ရွှေတိဂုံ စေတီတော် ရှေးဟောင်းတန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏သြဝါဒါ စရိယဆရာတော်ကြီးများ၊ ပစ္ဆာသမဏများ၊ စုစုပေါင်း(၂၂)ပါးတို့ကိုလည်းကောင်း ကာကွယ်ဆေးထိုးနှံ သွားမည်ဖြစ်ပါသည်။

ထို့အတူ ၄-၃-၂၀၂၂ ရက်နေ့မှ ၉-၃-၂၀၂၂ ရက်နေ့ထိ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့(၄၇)ပါးစုံညီ ဒသမအစည်းအဝေးနှင့် ၁၁-၃-၂၀၂၂ ရက်နေ့မှ ၁၃-၃-၂၀၂၂ ရက်နေ့ထိ အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယနှင့် စတုတ္ထအစည်းအဝေးများကို ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပမည်ဖြစ်ရာ အဆိုပါ အစည်းအဝေးများသို့ ကြွရောက်မည့် နိုင်ငံတော်သြဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာ နာယကဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ၊ စုစုပေါင်း(၅၁၄)ပါးအား လည်းကောင်း၊ ၁၄-၃-၂၀၂၂ ရက်နေ့မှ ၃၁-၃-၂၀၂၂ ရက်နေ့ထိ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှ ပရိယတ္တိစာသင်တိုက်ကြီးများရှိ သံဃာတော်များနှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)သင်ကြား/စီမံ၊ စာသင်သားရဟန်း/သာမဏေများ စုစုပေါင်း(၄၀၇၈)ပါးတို့ကို Sinopham ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။