အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီနဝမအစည်းအဝေး(ပထမနေ့)သို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို တက်ရောက်ဖူးမြော်ကြည်ညိုခြင်း၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်သာသနာရေးမှူးများနှင့်တွေ့ဆုံ၍ သြဝါဒပေးခြင်းနှင့် လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ဂေါပကအဖွဲ့နှင့်တွေ့ဆုံခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ နဝမအစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် (၈)နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသံဂါယနာမဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသီလာ စာရာဘိဝံသ က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။
အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေးထမြောက်အောင်မြင်ကြောင်းကြေငြာသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်က အစည်းအဝေးဖွင့် သြဝါဒ ကထာကို မြွတ်ကြားတော်မူသည်။ (သြဝါဒကထာကို သီးခြားဖော်ပြထားပါသည်)
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကို က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(တတိယအဖွဲ့ခွဲ)၏ တတိယအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာအကျဉ်းကို တာဝန်ကျအဖွဲ့ခွဲ၏ ကိုယ်စား အဖွဲ့ဝင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒက တင်သွင်းလျှောက်ထားသည်။
ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(ပထမအဖွဲ့ခွဲ)၏ ဒုတိယအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာအကျဉ်းကို ပထမအဖွဲ့ခွဲကိုယ်စား တွဲဖက် အကျိုးတော်ဆောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တတေဇောသာရာဘိဝံသ(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဓမ္မကထိကဗဟုဇနဟိတဓရ)က တင်သွင်းလျှောက်ထားသည်။
ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(ဒုတိယအဖွဲ့ခွဲ)၏ တတိယအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာအကျဉ်းကို ဒုတိယအဖွဲ့ခွဲကိုယ်စား တွဲဖက် အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တစန္ဒနသာရ(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)က တင်သွင်းလျှောက်ထားသည်။
ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (တတိယအဖွဲ့ခွဲ)၏ တတိယအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာအကျဉ်းကို အဖွဲ့ဝင်ဆရာတော်များက ကဏ္ဍအလိုက် တင်သွင်းလျှောက်ထားသည်။
ယင်းနောက် ဝိနိစ္ဆယဆိုင်ရာကိစ္စများ၊ သာသနာ့ရေးရာကိစ္စများ၊ ပညာရေးဆိုင်ရာကိစ္စများကို တင်ပြလျှောက်ထားရာ တာဝန်ကျအဖွဲ့ခွဲဆရာတော်များက ဝေဖန်ဆွေးနွေးတော်မူကြပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရပ်နားသည်။
ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီး များအား အလှူရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)+ ဒေါ်ကြိုင်ကြိုင် မိသားစုနှင့် ဓမ္မမိတ်ဆွေများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် နံနက်(၉)နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန(ရုံးခွဲ) ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ သာသနာရေးဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ဌာနခွဲညွှန်ကြားရေးမှူးများ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်သာသနာရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံး(ခွဲ)သာသနာရေးမှူးများအား တွေ့ဆုံ၍ သြဝါဒပေးလမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် နေ့လည်(၃)နာရီခွဲအချိန်တွင် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် ဂေါပကအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ အစည်းအဝေးပြုလုပ်ခဲ့ပြီး လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးအား အများပြည်သူ စိတ်ချမ်းမြေ့စွာ လာရောက်ဖူးမြော်ကြည်ညိုနိုင်ရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်တားဆီး ကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ စိတ်ချမ်းမြေ့စွာ ဖူးမြော်ကြည်ညိုနိုင်ရေး ဆောင်ရွက်ထားရှိရန်တို့အား အသေးစိတ်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်၊၊