အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ(တတိယအဖွဲ့ခွဲ)၏ တတိယအကြိမ် တတိယအစည်းအဝေးကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပ

အစည်းအဝေးကို “သာသနဿ စ လောကဿ” အစချီသော ဂါထာကို ၃-ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်တော်မူကြပြီး အခမ်းအနားမှူးဆရာတော်အဖြစ် တွဲဖက်အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တသီလာစာရာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမ္မဟာသဒ္ဓမ္မဇောတိကဓဇ) က ဆောင်ရွက်တော် မူကာ သဘာပတိဆရာတော်အဖြစ် ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ)က ဆောင်ရွက်တော်မူပြီး သြဝါဒကထာ မြွက်ကြားတော် မူခဲ့သည်။
ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (တတိယအဖွဲ့ခွဲ)၏ တတိယ အကြိမ် ဒုတိယအစည်းအဝေးမှတ်တမ်း (တ−တတိယ ၂/၂၀၂၁)ကို ဖတ်ကြားအတည်ပြုတော်မူကြပြီး ဝိနိစ္ဆယရေးရာတင်ပြချက်များ၊ သာသနာရေးရာတင်ပြချက်များ၊ ပညာရေးရာတင်ပြချက်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်တော်မူကြကာ အစည်းအဝေးကို “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ညနေ(၄)နာရီအချိန်တွင် ရုပ်သိမ်းတော်မူခဲ့သည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ(တတိယအဖွဲ့ခွဲ)ဆရာတော် (၁၅)ပါးအနက် ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသ(မစိုးရိမ်)၊ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် ဒေါက်တာဘဒ္ဒန္တစိန္တိတာလင်္ကာရ(မော်ကျွန်း)နှင့် အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တဥက္ကံသ(တွံတေး) မှတစ်ပါး ကျန်ဆရာတော်(၁၂)ပါးတို့ တက်ရောက်တော်မူကြပြီး သာသနာရေးရာနှင့်ဝိနိစ္ဆယဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးသန်းအေးအောင် အမှူးပြုသော သာသနာရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။