သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ သာသနိကအဆောက်အဦများ အဆင့်မြှင့်တင်ပြုပြင်ရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းနှင့် သင်္ဃန်းကျွန်းမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကဆွမ်းဆန်တော်၊ ဆီနှင့် ပဲများ ဆက်ကပ်လှူဒါန်း

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ သာသနိကအဆောက်အဦ များ အဆင့်မြှင့်တင်ပြုပြင်မွမ်းမံရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ အိုးအိမ်ဦးစီးဌာန၊ ဆောက်လုပ်ရေးအထူးအဖွဲ့(၂)၊ ဟိုတယ်ခရီးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများသည် ၂၇-၈-၂၀၂၁ ရက်နေ့၊ နံနက်(၁၁)နာရီ အချိန်တွင် ဟံသာသီရိကုန်းမြေရှိ သာသနိကအဆောက်အဦးများ၊ နိုင်ငံတော်သံဃမဟာနာယကကျောင်းဆောင်၊ ကျောင်းဆောင်ကြီး ၄ ဆောင်နှင့် သုံးထပ်ဆွမ်းစားဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ စစ်ကိုင်းစာသင်တိုက်သို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲ လှူဒါန်းပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က အဆိုပါကျောင်းတိုက်၌ ကျင်းပသည်။
အခမ်းအနားသို့ စစ်ကိုင်းစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥတ္တရ အမှူးပြု သော သံဃာတော်(၃)ပါး ကြွရောက်‌တော်မူကြပြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် စစ်ကိုင်းစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥတ္တရ ထံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးထွန်း အမှူးပြုသော ဌာနဆိုင်ရာ တာဝန်ရှိသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္ဈာယ် တော်မူသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုတော် မူကြပြီး ဒုတိယဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် စစ်ကိုင်းစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥတ္တရထံမှ ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများက အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းလောင်း အမျှပေးဝေကြသည်။
ဆက်လက်၍ နံနက် (၁၁)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာပရိယတ္တိစာသင် တိုက်၌ ဝါဆိုဝါကပ်တော်မူသော ဆရာတော် သံဃာတော်များထံ ဆွမ်းဆန်တော်၊ ဆီနှင့် ပဲ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဆက်လက်ကျင်းပသည်။
ထိုသို့လှူဒါန်းရာတွင် သင်္ဃန်းကျွန်းမြို့နယ်၊ စစ်ကိုင်းစာသင်တိုက်၌ ဝါဆိုဝါကပ်တော်မူ သော သံဃာ ၁၂၀ ပါး အတွက် ဆန် ၂၄ အိတ်၊ ဆီ ၆၅ ပိဿာ၊ ပဲ ၈၄ ပိဿာနှင့် ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာပရိယတ္တိစာသင်တိုက်၌ ဝါဆိုဝါကပ်တော်မူသော သံဃာ ၈၅ ပါး အတွက် ဆန် ၁၆ အိတ်၊ ဆီ ၄၀ ပိဿာ၊ ပဲ ၄၈ ပိဿာတို့ကို အသီးသီးဆက်ကပ်လှူဒါန်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၁၀)ကျောင်းတို့ကိုလည်း ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။