သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများ ဆက်ကပ်လှူဒါန်း

၂၇-၈-၂၀၂၁ ရက်နေ့၊ ၀၉ ၃၀ အချိန်တွင် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့၊ ဦးဗုဒ္ဓေါတောရကျောင်းတိုက်၌ ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲလှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ ယင်းအခမ်းအနားသို့ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံ ကျောင်းတိုက်ပဓာန နာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော ဆရာတော်ကြီး ၃ ပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုပါသည်။
ဆွမ်းဆန်တော်၊ ဆီနှင့် ပဲဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာန နာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ဆရာတော်ကြီးထံမှ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုအမှူးပြုသော ဌာနဆိုင်ရာ အကြီးအကဲ များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုတော်မူကြသည်။
ဆက်လက်၍ နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံ ကျောင်းတိုက်၊ ပဓာန နာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ဆရာတော်ကြီးထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အနုမောဒနာ တရားနာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲတွင် ပျဉ်းမနားမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်းနှင့် သီလရှင်ကျောင်း ၄ ကျောင်းတို့တွင် သီတင်းသုံးနေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၆၁၂ ပါးနှင့် သီလရှင် ၁၂၇ ပါး၊ စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင် ၇၃၉ ပါးတို့အား ဆွမ်းဆန်တော် ၇၄ အိတ်၊ ဆီ ၂၂၂ ပိဿာ၊ ပဲ ၃၀ အိတ်တို့ကို လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၆ ကျောင်း၊ သီလရှင်ကျောင်း ၃ ကျောင်းတို့တွင် သီတင်းသုံးနေထိုင်တော်မူကြသော ရဟန်း၊ သာမေဏေ ၄၁၃ ပါး၊ သီလရှင် ၂၅၅ ပါး၊ စုစုပေါင်း ရဟန်း၊ သာမဏေ ၄၁၃ ပါး၊ သီလရှင် ၂၅၅ ပါး၊ စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင် ၆၆၈ တို့အား ဆွမ်းဆန်တော် ၆၇ အိတ်၊ ဆီ ၂၀၀ ပိဿာ၊ ပဲ ၂၇ အိတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းကာလများအတွင်း ရဟန်း၊ သာမဏေ၊ သီလရှင်များ ဆွမ်းကွမ်း အဆင်ပြေ စေရန်အတွက် နေပြည်တော်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များသို့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလများအတွင်း ဘုန်းတော်ကြီးကျောင်းပေါင်း ၂၃၆ ကျောင်းနှင့် သီလရှင် ၁၈ ကျောင်းတို့အတွက် ဆွမ်းဆန်တော် အိတ် ၁၀၂၇ အိတ်တို့ကိုလည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်း ၄၄ ကျောင်းနှင့် သီလရှင်ကျောင်း ၅ ကျောင်းတို့၌ သီတင်းသုံး နေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၁၅၈၂ ပါးနှင့် သီလရှင် ၆၀၅ ပါးတို့အတွက် ဆွမ်းဆန်တော် ၂၁၈ အိတ်၊ ဆီ ၆၅၅ ပိဿာ၊ ပဲ ၈၇ အိတ်အား လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပရိယတ္တိ စာသင်တိုက် ၁၀၇ တိုက်မှ ရဟန်းသာမဏေ ၆၇၆၄ ပါးနှင့် သီလရှင် ၁၁၁ ပါးတို့အား ဆွမ်းဆက်ကပ် နိုင်ရန် ဆွမ်းပဒေသာပင် ငွေကျပ် ၇၀၀ သိန်း၊ ဆွမ်းဆန်တော်အိတ် ၂၂၄ အိတ်၊ ဆီ ၆၇၀ ပိဿာ၊ ပဲ ၆၈ အိတ်တို့ကို လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပရိယတ္တိစာသင်တိုက် ၁၀ တိုက်မှ ရဟန်းသာမဏေ ၁၉၅၀ ပါးအတွက် ဆွမ်းဆက်ကပ် နိုင်ရန် ဆွမ်းပဒေသာပင် ငွေကျပ် ၇၀၀ သိန်း လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။