သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို ညောင်ဦးမြို့၊ အမှတ်(၄)ရပ်ကွက်၊ မဟာဝိသုတာရာမတိုက်သစ်ကျောင်းတိုက်သို့သွားရောက်၍ ဆွမ်းပဒေသာပင် ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများလျှောက်ထား

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့်တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်(၈)နာရီခွဲအချိန်တွင် ညောင်ဦးမြို့၊ အမှတ်(၄)ရပ်ကွက်၊ မဟာဝိသုတာရာမတိုက်သစ်၊ မြို့နယ်သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပညာသီရိ အရှင်သူမြတ်ထံသွားရောက်၍ ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ပြီး ဆွမ်းပဒေသာပင် ငွေကျပ်သိန်းငါးဆယ် စိုက်ထူလှူဒါန်းကာ သာသနာရေး ဆိုင်ရာများလျှောက်ထားခဲ့သည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ဆရာတော်ဘုရားထံမှ သြဝါဒနှင့်အနုမောဒနာတရားများ နာယူကြည်ညိုကာ နံနက်(၉)နာရီခွဲ အချိန်တွင် ကျောင်းတိုက်မှပြန်လည်ထွက်ခွာခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့်အဖွဲ့သည် နံနက်(၁၀)နာရီအချိန်တွင် ပုဂံ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသုတေသနဓမ္မသဘင်သို့သွားရောက်၍ ဗုဒ္ဓရုပ်ပွားဆင်းတုတော်အား ကြည်ညိုပူဇော်ကာ ဇမ္ဗုဒီပဗိမာန်တော်ကြီးအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။