သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများ ဆက်ကပ်လှူဒါန်း

၃-၉-၂၀၂၁ ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိ မြို့နယ်၊ ခေတ်အေးကျောင်းတိုက်၌ တပ်ကုန်းမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲ လှူဒါန်းပွဲ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်၊ တပ်ကုန်းမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မဟာဇနကပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝဏ္ဏာရဟ အမှူး ပြုသော ဆရာတော်ကြီး ၃ ပါး ကြွရောက်တော်မူပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကာ တပ်ကုန်းမြို့၊ မဟာဇနကပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝဏ္ဏာရဟထံမှ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို အမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲများက တပ်ကုန်းမြို့၊ မဟာဇနကပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝဏ္ဏာရဟ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ရတနသုတ်၊ မေတ္တာသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ဆရာတော် ကြီးများအား လှူဖွယ်ပစ္စည်းများဆက်ကပ်ကာ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ပဲများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက မဟာဇနကဆရာတော်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အဆိုပါ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲတွင် တပ်ကုန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၁၉ ကျောင်းနှင့် သီလရှင်ကျောင်း ၅ ကျောင်းတို့တွင် သီတင်းသုံးနေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၇၀၉ ပါးနှင့် သီလရှင် ၁၆၉ ပါး၊ စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင် ၈၇၈ ပါးတို့အား ဆွမ်းဆန်တော် ၈၈ အိတ်၊ ဆီ ၂၆၃ ပိဿာ၊ ပဲ ၃၅ အိတ်တို့ကိုလည်းကောင်း၊ ဇေယျာသီရိမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၉ ကျောင်း၊ သီလရှင်ကျောင်း ၁ ကျောင်းတို့တွင် သီတင်းသုံးနေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၃၁၃ ပါး၊ သီလရှင် ၁၇ ပါး၊ စုစုပေါင်း ရဟန်း၊ သာမဏေ ၃၃၀ ပါးတို့အား ဆွမ်းဆန်တော် ၃၃ အိတ်၊ ဆီ ၁၀၀ ပိဿာ၊ ပဲ ၁၃ အိတ် တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းကာလများအတွင်း ရဟန်း၊ သာမဏေ၊ သီလရှင်များ ဆွမ်းကွမ်း အဆင်ပြေ စေရန်အတွက် နေပြည်တော်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များသို့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလများအတွင်း ဘုန်းတော်ကြီးကျောင်းပေါင်း ၂၃၆ ကျောင်းနှင့် သီလရှင် ၁၈ ကျောင်း တို့အတွက် ဆွမ်းဆန်တော် အိတ် ၁၀၂၇ အိတ်တို့ကိုလည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိ မြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်း ၇၀ ကျောင်းနှင့် သီလရှင်ကျောင်း ၁၂ ကျောင်းတို့၌ သီတင်းသုံး နေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၂၉၀၁ ပါးနှင့် သီလရှင် ၉၈၇ ပါးတို့အတွက် ဆွမ်းဆန်တော် ၃၈၉ အိတ်၊ ဆီ ၁၁၆၇ ပိဿာ၊ ပဲ ၁၅၆ အိတ်အားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပရိယတ္တိစာသင်တိုက် ၁၀၇ တိုက်မှ ရဟန်းသာမဏေ ၆၇၆၄ ပါးနှင့် သီလရှင် ၁၁၁ ပါးတို့အား ဆွမ်းဆက်ကပ်နိုင်ရန် ဆွမ်းပဒေသာပင် ငွေကျပ် ၇၀၀ သိန်း၊ ဆွမ်းဆန်တော်အိတ် ၂၂၄ အိတ်၊ ဆီ ၆၇၀ ပိဿာ၊ ပဲ ၆၈ အိတ်တို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပရိယတ္တိစာသင်တိုက် ၁၀ တိုက်မှ ရဟန်းသာမဏေ ၁၉၅၀ ပါး အတွက် ဆွမ်းဆက်ကပ်နိုင်ရန် ဆွမ်းပဒေသာပင် ငွေကျပ် ၇၀၀ သိန်း လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။